Input your search keywords and press Enter.

တမူး-ကလေးအကြား တံတားများ မပြုပြင်ပေးပါက ယခုလအတွင်းဆန္ဒထုတ်ဖော်မည်ဟုဆို

 

Salai C.Lian

 

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းလည်းဖြစ်၊ အာဆီယံပတ်လမ်းတစ်ခုဖြစ်သည့် တမူး-ကလေးအကြား ပျက်ဆီးနေသည့် တံတားများကို အစိုးရတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးမပြုပြင်ပေးပါက ယခုလအတွင်း ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ယက် အမှုဆောင် ဒါရိုက်တာ ကို ကျော်သက်ဝင်းက ပြောသည်။

ကို ကျော်သက်ဝင်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို အကြံတောင်းတယ်၊ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူစုလူဝေးလည်း လုပ်ဖို့ကျွန်တော်တို့ စဉ်းစားနေတယ်၊ နောက်တစ်ချက်အနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ အိန္ဒိယအစိုးရနဲ့ ပြင်ဖို့အတွက် MOU ထိုးထားတယ်၊ ကျွန်တော်တို့ပြောတာက အစိုးရက ပျက်ကွက်တာ နှစ်ချက်ရှိနေပြီ၊ ပြီးတော့ ဂတိမတည်တာလဲပါတယ်၊ အစိုးရကိုပြောတော့ နှစ်နိူင်ငံစကားပြောနေတယ်၊ ဒါပေမဲ့ လက်ရှိမြေပြင်ကို ပြန်ကြည့်တဲ့ခါ တံတားတွေက လုံးဝအဆင်မပြေဘူး၊ လူတောင်သွားလို့ မရတဲ့ အခြေအနေမှာ ရှိတာပေါ့၊ အဲဒါကြောင့် ဒီလထဲမှာ ကျွန်တော်တို့က ကွင်းဆင်းပြီး ဘယ်တံတားက ဘယ်လိုအခြေအနေရှိတယ်ဆိုတာ အကုန်စစ်တန်းကောက်ပြီး တောင်းဆိုမယ်၊ ဆန္ဒပြဖို့က ဒီလထဲမှာ ဖြစ်ဖို့များနေတယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် အမြန်ဆုံး ပြုပြင်ပေးမှု မလုပ်ခဲ့လျှင် အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ယက် အမှုဆောင် ဒါရိုက်တာ ကိုကျော်သက်ဝင်းက ဆိုသည်။

သူက “အစိုးရ ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း ၅ ယောက်ဆို ၅ ယောက်ပေါ့၊ ၆ ပေ ကွာဆိုရင်လည်း ဗီနိူင်းတွေကိုင်ပြီး တောင်းဆိုမယ်၊ ခုလည်းနေပြည်တော်ကနေ လာကြည့်နေတယ်၊ မိုးတွင်းလည်းရောက်တယ်၊ ပြင်ချင်ရင်တော့ ဒီဒေသမှာရှိတဲ့ မြန်မာ့သစ်ထုတ်လုပ်ငန်းက ထုတ်တဲ့သစ်တွေနဲ့ ယာယီလုပ်လို့ရတယ်၊ အိန္ဒိယအစိုးရက ပြန်ပြင်ရင်လည်း လှဲရုံပဲပေါ့၊ ဘာမှမလုပ်လို့ အခုဖြစ်တယ်၊ အောက်ခြေမှာသာ သိနေပြီး အထက်သိအောင် ကျွန်တော်တို့ ဆန္ဒပြဖို့ ပြင်ဆင်နေတာပါ” ဟု ဆိုသည်။

¬ယင်းတံတားများသည် ကလေးမြို့နှင့် တမူးမြို့ကြား ပြည်သူများ နေ့စဉ်ဖြတ်သွားလာနေရသည့် အဓိက လမ်းဖြစ်ပြီး၊ လက်ရှိအခြေအနေအရ ဖြတ်သန်းသွားလာပါက ပြည်သူတွေ အသက်ပါ အန္တရာယ်ဖြစ်စေ နိုင်ကြောင်း ကလေးမြို့မှ စခန်းကြီးသို့ မွေးမြူရေး လုပ်ကိုင်နေသူ တစ်ဦး ကပြောသည်။

သူက “ကျွန်တော်တို့က ကလေးမြို့မှာ နေပေမယ့် စခန်းကြီးမှာကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေတဲ့သူဖြစ်တဲ့အတွက် နေ့တိုင်းကို အဲ့ဒီတံတားတွေဖြတ်သွားရတယ်၊ ခုတံတားကလည်း နှစ်တွေတော်တော်ကြာတော့ တံတားခိုင်ခံ့မှု စိုးရိမ်ရတယ်၊ အမြန်ဆုံးလည်း လုပ်ပေးစေချင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ မတော်တဆ ဖြစ်ခဲ့ရင် အသက်အန္တရယ်စိုးရိမ် ရတယ်၊ တစ်ခုခုမဖြစ်ခင် ကြိုလုပ်စေချင်တယ်” ဟု ပြောသည်။