Input your search keywords and press Enter.

တစ်ရက်တာ ခရီး

 

 

‘လိုက်ချင်ရင်လိုက်ခဲ့၊ မလိုက်ချင်လည်းရတယ်၊ ကျနော်နဲ့လိုက်ရင်တစ်ယောက် သုံးသောင်းပဲ’’

သက်လက်ပိုင်းအရွယ်စက်လှေပိုင်ရှင်က တောင်ပြိုကနေ ပလက်ဝထိ အကြုံလိုက်မည့် အသက်ခုနှစ် ဆယ်နားနီးနေသည့်အဖိုးကြီးနဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက်ကို ပြောလိုက်သည့် စကား။

အဖိုးကြီးကဘာမှမပြော။

ချင်းပြည်နယ်၊ ပလက်ဝက ရေကြောင်းခရီးကိုအားပြုသွားလာရတဲ့ ဒေသဖြစ်ပါတယ်။ ယခင်က ပလက်ဝ-တရွန်အိုင် မိုင်လေးဆယ်ဝန်းကျင်ခရီးကို ရေယာဉ်လိုင်းပြေးဆွဲပြီးဒေသတွင်းခရီးသွားရေး ဝန်ဆောင် မှုရှိခဲ့ရာက ၁၉၉၇-ခုနှစ် မိုးတွင်းမှာ ပလက်ဝကနေရေမိုင်၂၄-မိုင်ဝန်းကျင်နား(အောက်ဘလိုင်ရွာ အောက် နား) အနောက်ဘက်ခြမ်းတောင် ရုတ်တရက်ပြိုကျခဲ့တာကြောင့်မြစ်ကြောင်းပိတ်သွားခဲ့တာပါ။

အဲဒီနောက်ပိုင်းတော့ ပလက်ဝ-တောင်ပြို၊ တောင်ပြို-တရွန်အိုင် ဆိုပြီး ရေယာဉ်လိုင်းနှစ်လိုင်းပြေးဆွဲရပါ တယ်။

“များလွန်းမနေဘူးလား ၊ အဖိုးလည်းဒီလိုအခြေအနေမျိုးမှာ သွားတယ်ဆိုတာ အရေးကြီးနေလိုပါ၊ တစ် ယောက် သုံးသောင်းဆိုတော့ အဖိုးလည်း မတက်နိုင်ပါဘူး”

စောစောက လူကြုံလိုက်မယ့် အဖိုးအိုကပြန်ပြောလိုက်တာပါ။

“ ဒီပစ္စည်းတွေတင်ပြီးရင်ထွက်မယ် ပေးနိုင်ရင်လိုက်ခဲ့၊ မပေးနိုင်ရင်မလိုက်နဲ့”

ကျွန်တော် သိပါတယ်၊ အခုတလော စက်လှေနဲ့ ပို့နိုင်သူတွေရဲ့သဘောကို …။ သူတို့ခင်ဗျာလည်း အသက် လုပို့ဆောင်ရတာကြောင့် ထိုက်သင့်သလောက်(ထိုက်သင့်သလောက်ထက်လည်းပိုယူမယ်) ဆိုတာ။ မနက်ကတောင်စျေးစကားပြောတုန်းက တောင်ပြိုအရောက် တစ်စီးလုံး ရှစ်သောင်းလို့ ပြောထားပေမယ့် တောင်ပြိုရောက်တော့ တစ်ယောက်နှစ်သောင်းခွဲဖြစ်သွားတာ၊ လိုက်လာတာ လေးယောက်ဆိုတော့ တစ်သိန်းပေါ့၊  ဒီလိုအခြအနေအချိန်မျိုးက အငြင်းပွားနေလို့ရတဲ့ အခြေအနေမှာမရှိ။

ကျွန်တော်တို့ တောင်ပြိုအထိငှားလာသည့် စက်လှေက ပလက်ဝပြန်အလှည့်မှာ ခရီးကြုံလိုက်မည့်သူနှင့် ဈေးစကားကို ခပ်တင်းတင်းပြောနေခြင်းပါ။

“ လိုက်ချင်လိုက်ခဲ့၊ သုံးသောင်းပဲလို့ကျွန်တော်ပြောပြီးပြီးလေ”

စက်လှေသမားက အော်သံကြီးနဲ့ပြောလိုက်တော့ ဘေးနားလူတွေလည်းအကုန်ကြားပြီး၊ အဖိုးကြီးလည်း နောက် နည်းနည်းဆုတ်သွားတယ်။ နည်းနည်းရွံ့သွားပုံရတယ်။

အရင်က ပလက်ဝ – တောင်ပြိုလိုင်း စက်လှေခက အသွားအပြန်မှလေးထောင်။ အသွားတစ်ခုတည်းဆို နှစ်ထောင်သာ။ ယခု သုံးသောင်းဆိုတော့ အတော်များသည့်ငွေပမာဏပင်။ ပလက်ဝက မနက် ၈- နာရီ ထွက်ရင် နေ့လည် ၁-နာရီဝန်းကျင် တောင်ပြိုကိုရောက်ပါတယ်။ ၂-နာရီဝန်းကျင်ဆို တောင်ပြိုကနေ ပလက်ဝကိုပြန်ထွက်လာပြီး ညနေ ၆/၇ နာရီဝန်းကျင်ဆို ပလက်ဝပြန်ရောက်ပါတယ်။ ဒါက ပလက်ဝ- တောင်ပြိုပုံမှန်ပြေးဆွဲနေတဲ့ လိုင်းစက်လှေရဲ့ခရီးစဥ်ပါ။

နွမ်းဖက်နေတဲ့ အင်္ကျီနဲ့ ရိုးရာပလိုင်းကိုလွယ်ထားတဲ့ အဖိုးကြီးကိုကြည့်ရတာ တကယ်လည်းအ‌ရေးကြီးပြီး ငွေကြေးအရလည်းတက်နိုင်ပုံမရ။ အဖိုးကြီးနဲ့ ဘယ်လိုဆပ်စပ်နေမှန်းမသိတဲ့ ကောင်လေးက ခုထိဘာ တစ်ခုမှဝင်မပြော၊ အဆင်ပြေရင်လိုက်မယ်၊ မပြေလည်းမလိုက်ရုံပဲ ဟုရည်ရွယ်ထားပုံရတယ်။

စက်လှေသမားက ခပ်ပြတ်ပြတ်ပြောပြီး တစ်ခုတည်းရှိတဲ့ ခပ်မြင့်မြင့် သဲသောင်ပေါ်က စျေးဆိုင်လေးဆီ အပြေးတစ်ပိုင်းထွက်သွားတယ်။ ဆီဝယ်သလိုလို၊ ကွမ်းပဲယာနေလိုလိုလုပ်နေချိန် အဖိုးကြီးက စက်လှေ သမားနားကပ်ထိုင်ပြီးဈေးဆစ်နေပါတယ်။

ဆိုင်ရှင်အမျိုးသမီးက-

“ မင်းဟာကလည်း တစ်ယောက် သုံးသောင်းဆိုတာက များတာပေါ့ကွယ်၊ ငါးထောင်ဆိုလူကြားလို့ ကောင်းသေး …”

“ အဲလေ…၊  အလွန်းဆုံးတောင်း တစ်သောင်းပေါ့ကွာ၊ မင်းဟာက မဟုတ်သေးပါဘူး” အခြားတစ်ယောက် ကဝင်ပြောတယ်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅-ခုနှစ် ပီချောင်း(ပြင်စိုရွာ)ကနေ အစပြုတဲ့ AA လက်နက်ကိုင်ရဲ့လှုပ်ရှားမှု ဟာ ၂၀၂၀ ခုနှစ်ရဲ့ နှစ်ဝက်နားနီးသည့်အထိ အဆုံးမသတ်နိုင်သေးသလို ယခုမေလတွင်းမှာဆို မြို့နားဝန်း ကျင်အထိတိုက်ပွဲဖြစ်လာတာကြောင့် လုံခြုံရေးအရလမ်းကြောင်းများပိတ်ထားခဲ့တာပါ။

ကျန်းမာရေးကိစ္စ၊ အခြားအရေးကြီးမဖြစ်မနေသွားရတဲ့ကိစ္စမှသာစက်လှေစင်းလုံးငှားပြီး အရဲစွန့်သွားတဲ့ ခရီးသည်တွေသာရှိတော့တယ်။ ယခင်ကဆို မြစ်ကြောင်းတစ်လျှောက် ကုန်တင်ရေယာဉ်တွေ လူစီးကိုယ် ပိုင်ရေယာဉ်တွေနဲ့ လွန်းထိုးသွားလာနေကြပေမယ့် အခုတော့ ဖြတ်သွားဖြတ်လာစက်လှေတစ်စီးတစ် လေ တွေ့ဖို့ခက်ခဲနေတာပါ။

“ သက်ကြီးရွယ်အိုကိုတော့ဖြင့် အလာကားတောင်ပို့ပေးသင့်တာ၊ မဟုတ်လည်း မင်းက ဒီခရီးကိုပြန်ရမှာ ပဲဟာကို ကုသိုလ်ရပါတယ်”

“ သေနတ်နဲ့ အပစ်ခံ၊ အစစ်ဆေးမျိုးစုံခံပြီး ဒီရောက်အောင် အသက်လုလိုက်ပို့ရတာနော်၊ ခဗျားတို့ သတ္တိ ရှိတယ် သွားရဲတယ်ဆိုရင် လိုက်ပို့လိုက်ကြလေ၊ ပိုက်ဆံကိုတော့ ကိုက်အောင်တောင်း ရမှာပဲ”

ကျွန်တော်ကူညီပေးနိုင်တဲ့ ကိစ္စမဟုတ်။ သို့သော် အပြန်အလှန်ပြောနေကြတဲ့စကားတွေကို ကြားယောင် ရင်း စစ်ပွဲလောင်းရိပ်အောက်မှာ အသက်ရှင်သွားလာသူတွေအဖို့ ခုလိုအခြေအနေဟာ အရမ်းကြီးထူး ဆန်းနေတယ်ရယ်လို့တော့မဟုတ်ပါဘူးလို့ ကိုယ့်ဘာသာပဲဖြေသိမ့်မိတယ်။

“လိုင်းကြေးတစ်‌‌ယောက် လေးထောင်ပေးရမယ်”

“အယ် …”

တရွန်အိုင်ရွာကမ်းနား တပ်စစ်ဆေးရေးဂိတ်အရောက် ကျွန်တော်တို့လှေကိုပြောနေခြင်းပါ။ ကျွန်တော် အသံလာရာဆီလှည့်ကြည့်လိုက်တယ်။ ခပ်ဝဝအမျိုးသမီးတစ်‌ယောက်က လိုင်းကြေးဆိုပြီးအော်တောင်း နေတယ်။ ဒီလိုအခြေအနေမျိုးမှာ “လိုင်းကြေး” တောင်းရမလားဆိုပြီး စိတ်ထဲထောင်းကနဲ ဖြစ်သွားရင်း က …

“ အစ်မ … အခြားအချိန်ဆိုကျနော်မပြောလိုပေမဲ့ ဒီလိုလိုင်းစက်လှေလည်းမထွက်၊ ပြီးတော့ အသက် အန္တရာယ်ကြားက သွားလာနေတဲ့ ကျနော်တို့လို ခရီးသည်တွေဆီကတော့ မတောင်းသင့်တော့ဘူးလေ”

“ နင်ဘာ သိလိုလဲ၊ ဒီနေ့ လိုင်းစက်လှေဆင်းတယ်၊ နင်တို့လူပိုတင်လာလို့ပြောရတာ”

“အစ်မဆီက ဆင်းရင်တောင် ပလက်ဝ- တောင်ပြိုလှိုင်းက မနက်ကတည်းက တက်မလာဘူးလေ၊ ကျွန် တော်တို့က ပလက်ဝကနေ တက်လာတာ …”

“ဟဲ့ … ငါတို့က ဖုန်းနဲ့သေချာချိတ်ဆက်ပြီးမှ ဆင်းသွားတာ …”

ဒုက္ခပဲ။ ကျွန်တော် စောစောကပြောသလိုပဲ၊ ပလက်ဝဒေသက ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေ ကြောင်းကို အဓိထားအသုံးပြုတာကြောင့် ခရီးသွားလာရေးဝန်ဆောင်မှုအတွက် ရေယာဉ်လိုင်းတွေကို သက်ဆိုင်ရာအစိုးရဌာနက တစ်နှစ်တစ်ခါလေလံပစ်ပါတယ်။

ပလက်ဝ-တောင်ပြိုတစ်လိုင်း၊ တောင်ပြို-တရွန်အိုင်တစ်လိုင်း၊ တရွန်အိုင်-ရှင်းလက်ဝ တစ်လိုင်း။ ကျန်တဲ့ ပလက်ဝ-ကျီးလေ၊ ပလက်ဝ-နှမဒါ၊ ပလက်ဝ-ပွီဝုန်း ဆိုတာတွေရှိသေးတယ်။ ထားပါတော့။  ဒီတော့ ၆-နာ ရီလောက်နဲ့ တစ်ရက်တည်းသွားရင်ရောက်တဲ့ ပလက်ဝ – ရှင်းလက်ဝခရီးကို ၃-ပိုင်းပိုင်းထားတဲ့ ရေယာဉ် လိုင်း ၃-လိုင်းနဲ့ သွားလာရပါတယ်။ အဲဒီအထိက အဆင်ပြေပါသေးတယ်။ အဆင်မပြေတာက …။

ရေယာဉ်လိုင်းပိုင်ရှင်တွေက သူတို့လေလံကြေးအမြတ်အစွန်းအတွက် ကိုယ်ပိုင်လှေနဲ့သွားလာတဲ့သူတွေ ဆီကပါ ‘လိုင်းကြေး’ဆိုပြီး ငွေထပ်ကောက်တဲ့ကိစ္စပါ။ အဲဒီကိစ္စ အခြေအတင်ဖြစ်နေတာကြာပါပြီ။ နောက်ဆုံးတော့ ချင်းပြည်နယ်အစိုးရတာဝန်ရှိသူတွေထိနားပေါက်ပြီး ကိုယ်ပိုင်လှေနဲ့သွားလာသူများ သုံးဦးထက်ပိုရင် လိုင်းကြေးသတ်မှတ်နှုန်းထားအတိုင်းပေးရမယ်လို့ ဖြစ်လာပါတယ်။

စောစောကကျွန်တော်တို့လှေကို ကောက်တဲ့ လိုင်းကြေးပေါ့။

“ တစ်ယောက် ၄၀၀၀/- လူပိုတင်လာတာ သုံးယောက်ဆိုတော့ ၁၂၀၀၀/-ပေးရမယ်”

ခတ်ချေပြီ။

‘ ခင်ဗျားဗျာ … ကိုယ်ချင်းစာစိတ်တစ်စက်မှ မရှိဘူး၊ ဒီလောက်ခတ်ခဲကြပ်တည်းနေတဲ့ကြားက သွားရ လာရတာကို လိုင်းကြေးဆိုပြီးလုပ်ရက်တယ်၊ မပေးနိုင်ဘူးဗျာ…’

‘အေး … ငါလည်း ဉပဒေအတိုင်း လုပ်တာပဲ၊ နင်မပေးနိုင်ရင် နင့်မှတ်ပုံတင် ပေးစမ်း၊ ကဲ …’

ပြောပြောဆိုဆိုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်လက်ထဲက ကျွန်တော့တို့မှတ်ပုံတင်ကို ဇက်ကနဲဆွဲယူလိုက်ပါတယ်။ ကျွန်တော်နဲ့လိုင်းပိုင်ရှင် နာရီဝက်နီးပါး အချေအတင်စကားများကြတယ်။ မကျေနပ်ရင် တိုင်ချင်ရာတိုင်၊ ဥပဒေအတိုင်းလုပ်နေတာဖြစ်ကြောင်း ၊ ဘယ်သူ့မှ ဂရုမစိုက်ကြောင်း လိုင်းကြေးမပေးရင် စက်လှေကို ကမ်းက ခွာခွင့်မပေးကြောင်း စုံနေတာပဲ။

ကျွန်တော်ကလည်း စိတ်အချဉ်ပေါက်နေတာနဲ့ တိုင်ချင်ရာတိုင်နိုင်ကြောင်း၊ လိုင်းကြေးကိုတော့မပေးနိုင် ကြောင်း၊ မိမိနာမည်၊ မှတ်ပုံတင် ယူထားလိုက ယူထားနိုင်ကြောင်း၊ အခုကဲ့သို့ပိုက်ဆံအသလွတ်ကြီး ကောက်သည်မှာ အဓိပ္ပါယ်မရှိကြောင်း ပြောပစ်ခဲ့တယ်။

စစ်ဆေးရေးဂိတ်တဲအပြင်ဘက်မှာ မိုးသည်းသည်းမဲမဲရွာချနေပြီ။ မိုးခိုလာသူတွေကလည်း စစ်ဆေးရေး ဂိတ်အတွင်းမှာ အပြည့်။ အိတ်တွေစစ်ဆေးပြီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ရပ်ကြည့်နေကြ တယ်။

ကျွန်တော်တို့နှစ်ဦး ဘယ်လောက်ထိအပြန်အလှန်ပြောကြသည်တော့မသိ။ မိုးတိတ်လို့ မိုးခိုသူတွေမရှိ တော့မှ အသိဝင်လာတယ်။ ပုံမှန်မဟုတ်တဲ့ဒေါသစိတ်ကို ထိန်းရင်း၊ ပြန်မပေးသေးတဲ့မှတ်ပုံတင်ကို ကြည့်ရင်းအပြင်ထွက်လိုက်တယ်။

နောက်ထပ်ရောက်လာတဲ့ စက်လှေကခရီးသည်တွေလည်း စစ်ဆေးရေးဂိတ်ထဲ ဝင်လာနေကြတယ်။ တောင်ပြိုက အဖိုးအိုရဲ့မျက်နှာကို မြင်ယောင်တယ်။ ကျွန်တော့်လိုကြုံရမယ့် နောက်ထပ်ခရီးသည်တွေရဲ့ မျက်နှာ တွေကိုမြင်ယောင်တယ်။ ဒီလိုဖြစ်နေတဲ့ ခရီးသည်တွေရဲ့ပြဿနာကို ဖြေရှင်းပေးမယ့်သူကိုလည်း အလိုလိုမှန်းဆမြင်ယောင်မိတယ်။

နောက်ဆုံးတော့ မှတ်ပုံတင်မပါပဲ ခရီးဆက်ရမယ့် ကိုယ့်ကိုယ်ကိုယ်ပဲမြင်ယောင်မိတော့တယ်။

ထွန်းမင်း(ဉပဒေ)

*********