Input your search keywords and press Enter.

ဒေါ်စိန်မြဦး၊ အသက်(၅၁) နှစ် ကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ နဂိုရှိရင်းစွဲ နှလုံးရောဂါ နှင့် စိတ်ကျန်းမာရေးအားနည်းသော ရောဂါအခံများ ပါရှိခြင်းကြောင့်ဖြစ်ကြောင်း AAအဖွဲ့မှထုတ်ပြန်

 

 

မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး၊ အသက်(၅၁) နှစ် မင်းပြားပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ နဂိုရှိရင်းစွဲ နှလုံးရောဂါ နှင့် စိတ်ကျန်းမာရေးအားနည်းသော ရောဂါအခံများ ပါရှိခြင်းကြောင့်ဖြစ်ကြောင်းရက္ခိုင့်တပ်တော်(AA)မှ ဇွန်လ ၄ ရက်တွင်ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင်ရက္ခိုင့်တပ်တော်သည်မိမိတို့ခေါ်ယူစစ်ဆေးမေးမြန်းပြီးသောသူများထဲတွင် ဦးဝှေ့တင်းမှအစ အခြားသောအပြစ်မရှိသောသူများကို အကြိမ်ကြိမ်ပြန်လည်လွှတ်ပေးခဲ့သော သာဓကများရှိခဲ့ပါကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့၊ ညနေ (၅) နာရီ၌ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာ နှင့် သိုင်းကျပ်ကျေးရွာမှ-(၁) ဦးယောင်ဇာ၊ အသက် (၅၈) နှစ်(၂) ဦးမောင်စိန်ဖြူ၊ အသက် (၄၉) နှစ၊်(၃) ဦးစိန်ဝင်းကြိုင် ၊ အသက် (၃၇) နှစ်(၄) ဒေါ်စိန်မြဦး၊ အသက် (၅၁) နှစ်တို့လေးဦးအား မင်းပြား၊ ရာမောင်တံတားထိပ်အနီး စခန်းချတပ်စွဲထားသော မြန်မာ့တပ်မတော်၏ စစ်သင်္ဘောသို့ ရိက္ခာများပို့ဆောင်နေသည်ကို တွေ့ရှိရသောကြောင့် ၎င်းတို့ (၄) ဦးအား မိမိတို့အနေဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးမေးမြန်းရန်အတွက် ခေတ္တခေါ်ယူခဲ့ပါကြောင်း၊ထိုသို့စစ်ဆေးစဉ်အတွင်း ၎င်းတို့သည် မြန်မာ့တပ်မတော်၏ အဆိုပါစစ်သင်္ဘောမှ အတင်းအဓမ္မ ရိက္ခာဝယ်ယူခိုင်းသောကြောင့် ရိက္ခာပစ္စည်းများကို မင်းပြားမြို့စျေးမှတစ်ဆင့် ဝယ်ယူပေးခဲ့ရကြောင်း ထွက်ဆိုပါကြောင်း၊ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဟုတ်မှန်ခြင်း ရှိ/မရှိ ထပ်မံစုံစမ်းခဲ့ပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ စုံစမ်းနေဆဲကာလအတောအတွင်း အဆိုပါ (၄) ဦးအား မိမိတို့ဖက်မှ ညှဉ်းပန်းနှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပါကြောင်း၊ဤသည်ကို ကာယကံရှင်များအားလုံးအသိပင်ဖြစ်ပါကြောင်း၊ ၎င်းတို့ (၄) ဦးထဲမှ အမျိုးသမီးဖြစ်သူ ဒေါ်စိန်မြဦးမှာ နဂိုရှိရင်းစွဲ နှလုံးရောဂါ နှင့် စိတ်ကျန်းမာရေးအားနည်းသော ရောဂါအခံများ ပါရှိလာသောကြောင့် မိမိတို့ဆေးဝန်ထမ်းများမှ(၂)ကြိမ်တိုင်တိုင်ဆေးကုသပေးခဲ့ပါကြောင်း၊အခြားတစ်ဖက်တွင် မိမိတို့အနေဖြင့် ၎င်းတို့အား ခေါ်ယူစစ်ဆေးမေးမြန်းပြီး သတိပေးစကားများ ပြောဆိုကာ အမြန်ဆုံးပြန်လည်လွှတ်ပေးလိုသော်လည်း မင်းပြားမြို့ပတ်ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်နေ သောကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၃၁) ရက်နေ့တွင် ၎င်းတို့ (၄) ဦးအား ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊သို့သော်လည်း၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃) ရက်နေ့တွင် မင်းပြားမြို့၊ ပြည်သူ့ဆေးရုံ၌ ဒေါ်စိန်မြဦး မှာ အသက်ဆုံးပါးသွားသည်ကို ကြားသိရသောကြောင့် မိမိတို့အနေဖြင့် ၎င်း၏မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း၊သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းအား တစ်ဖက်သတ် စွပ်စွဲချက်များအပြင် ထင်မြင်ယူဆချက်များဖြင့် ရေးသားပြောဆိုနေကြသည်များကို တွေ့ရှိရကြောင်း၊အဆိုပါ ပြောဆိုနေကြသောပုဂ္ဂိုလ်များအနေဖြင့် ဒေါ်စိန်မြဦးသေဆုံးရခြင်း၏ ဇာစ်မြစ်၊ သေဆုံးရသော အကြောင်းတရား၊ ဆေးရုံတက်သောမှတ်တမ်း အကြောင်းအရာများကို ပြောဆိုခြင်းမရှိဘဲ တမင်တကာ ချန်လှပ်ထားခဲ့ပါကြောင်းမိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချလိုသော ရည်ရွယ်ချက်များဖြင့် ဇောင်းပေးထားသောအကြောင်းအရာများကိုသာချဲ့ကားပြောဆိုနေကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိမိတို့အနေဖြင့် အဆိုပါပုဂ္ဂိုလ် (၄) ဦးအား ချင်းလူမျိုးများဖြစ်နေ၍ ခေါ်ယူမေးမြန်းခြင်း မဟုတ်ဘဲ ၎င်းတို့၏လုပ်ရပ်များကိုအခြေခံ၍ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦးသေဆုံးရခြင်းမှာ မိမိတို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးရှင်းလင်းအပ်ပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် AAအဖွဲ့၏ ဖမ်းဆီးမှုခံရပြီး ပြန်လွတ်လာပြီး သေဆုံးသွားသည့် ချင်းအမျိုးသမီး တစ်ဦးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ခံ တာဝန်ယူသင့်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ သတင်းအချက် ကောက်ယူသည့် ဌာနမှ တာဝန်ခံ Pu Terah “အခုလို ဖြစ်သွားတာက လူအခွင့်ရေးချိုးဖောက်မှု ဖြစ်တယ်လို့ မှတ်ချက်ပေးချင် ပါတယ် လူ့အသက်ဆိုတာ လွယ်လွယ်ရတဲ့ အရာမဟုတ်ဘူး ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ခံ တာဝန်ယူသင့်တယ် နောက်နောင် အဲဒီလို ဆက်မဖြစ်အောင်လည်း တောင်းဆိုချင်တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်မတေ်ာ AAအဖွဲ့၏ ဖမ်းဆီးမှုခံရပြီး ပြန်လွက်လာသည့် အမျိုးသမီးမှာ  ဒေါ်စိန်မဦး ဖြစ်ပြီး မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာမှ ချင်းအမျိုးသမီးတစ်ဦး ဖြစ်သည်။
ချင်းလူ့အခွင့်ရေးဖွဲ့မှ သတင်းအချက် ကောက်ယူသည့် ဌာနမှ တာဝန်ခံ Pu Terahက “လူအသက်ကို တန်ဖိုးမထားဘဲ အခုလိုလုပ်တာကိုတော့ ကျတော်တို့ အဖွဲ့အစည်းအနေနဲ့ ရှုတ်ချတယ် အခုလို လူ့အခွင်းရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ဆက်လက်ပြီး တိုက်ပွဲဝင်မယ် ဒီကိစ္စနဲ့ပက်သက်ပြီး အချက်လက် ပြည့်ပြည့်စုံစုံလည်း မရသေးဘူး အချက်လက် ပြည့်ပြည့်စုံစုံ ရတယ်ဆိုရင် ထုတ်ပြန်ချက်လည်း ထုတ်မယ် နောက်ထပ်လိုအပ်တာ ရှိရင် ထပ်လုပ်သွားမယ်”ဟုပြောသည်။
ဒေါ်စိန်မဦးသည် AA လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးမှုမှ ပြန်လွတ်လာပြီး စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း၊ ကြောက်လန့်ခြင်းများ အသက်ရှုမဝခြင်းများ ဖြစ်နေသဖြင့် မင်းပြားမြို့နယ်ရှိ ဆေးရုံတွင် သေဆုံးသွားသည်။
ရက္ခိုင့်တပ်မတော် AA စစ်တပ်မှ မေလ ၃ ရက်နေ့တွင် ဒေါ်စိန်မဦးအပါဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။