Input your search keywords and press Enter.

ကိုဗစ်အလွန် မြန်မာပြည်

 

 

ဒဲရစ်ကမ်အာလ်
၁၀ မေ ၂၀၂၀

 

ကိုဗစ်ကာလကို မြန်မာပြည်က မေလ၁၅ရက်နေ့မှာ တရားဝင်ဖြေလျော့မယ်လို့ကြေငြာထားပါတယ်။ ဒီအတွက် ကိုဗစ်ဖြေလျော့ကာလ မှာဘာတွေဖြစ်လာနိုင်မလဲ? ကျွန်တော်တို့သိထားတဲ့ ကမ္ဘာကြီး ဟာကိုဗစ်အလွန်မှာ ဘယ်လိုဖြစ်သွားမလဲ? အဲဒါကရောမြန်မာပြည်ကို ဘယ်လောက်ထိ ထိခိုက်နိုင် မလဲ? မြန်မာနိုင်ငံအပေါ် ဘယ်လောက်ထိ ဘယ်လိုမျိုး သက်ရောက်မှု ရှိနိုင်မလဲဆိုတာ ဆိုတာစိတ်ဝင်စားစရာဖြစ်လာပါတယ်။

ကိုဗစ်ကြောင့် တကမ္ဘာလုံး စီးပွားကျပြီး နာလန်ပြန်ထူဖို့အတော်လေးကြိုးစားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီအတွက်ကမ္ဘာ့နို်ငံအသီးသီးကနေ စီးပွားရေးလှုံံ့ဆော်မှုတွေလုပ်ဖို့ ပြင်ဆင်နေကြတာ တွေ့ရတယ်။ အစ္စရေးလ်ဆိုရင် ဒေါ်လာ ၁၃ဘီလီယံ၊ ကနေဒါဆိုရင် ဘီလီယံ ၄၀ ဝန်းကျင်၊ အမေရိကား က ၂ထရီလီယံ.. တရုပ်ကြီးက ယွမ်၁ဝထရီလီယံ(၁.၄ ထရီလီယံဒေါ်လာ) ခန့်တို့ကို စီးပွားရေး လှုံ့ဆော်မှုမှာသုံးဖို့ပြင်နေကြသလို အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းက ၁၅.၁ ဘီလီယံဒေါ်လာ၊ စင်္ကာပူက စုစုပေါင်း ၄၁.ရဘီလီယံတို့ကို ရင်းနှီမြုပ်နှံကြတာကိုတွေ့ရပါတယ်။
ထို့အတူ မြန်မာပြည်ကလဲ ၂၇ ဧပြီ ၂၀၂ဝမှာ COVID-19 Economic Relief Plan-CERP ဆိုတာကို ချပြလာပါတယ်။ ဒီပလန်ကိုအဓိက ရေးဆွဲတဲ့သူ၊ Mastermind က မြန်မာစီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် ဖြစ်တယ်။ ဒီစီမံကိန်းကို ကြည့်တဲ့အခါ ကဏ္ဍ ရခုပါပြီး အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော်ခန့်ရှိမယ့် စီမံကိန်း ဖြစ်ကြောင်းတွေ့ရတယ်။

အဲဒီ COVID-19 Economic Relief Plan-CERPမှာ ကဏ္ဍ(၇)ခုပါပြီး …
ကဏ္ဍ (၁) Improve Macroeconomic Environment through Monetary Stimulus
ကဏ္ဍ (၂) Ease the Impact on the private Sector through improvement to investment, trade and banking sectors
ကဏ္ဍ (၃) Easing the impact on labourers and workers
ကဏ္ဍ (၄) Easing the impact on household
ကဏ္ဍ (၅) Promoting innovative products and platform
ကဏ္ဍ (၆) Healthcare Systems Strengthening နဲ့
ကဏ္ဍ (၇) Increase Access to COVID-19 Response Financing (Including Contingency Funds) စတဲ့ အပိုင်းကဏ္ဍတွေထည့်သွင်းတာတဲ့ ဒီ စီမံကိန်းကိုကြည့်ရတာ ပေါ့ပေါ့ပါးပါးရှိပြီး အလုပ် ဖြစ်အောင်၊ လက်တွေ့ကျအောင်ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့ခံစားမိတယ်။ Action plan တွေကလဲ ဝန်ကြီးဌာနချင်းချိတ်ဆက်မှုသာ တကယ်ရှိရင် တကယ်အလုပ်ဖြစ်နိုင်တဲ့ action plan တွေလို့မြင်မိတယ်။ ဒါပေမယ့် တဖက်ကနေကြည့်ရင်တော့ အထမြန်စေချင်တဲ့အတွက်ကြောင့် မို့လို့လား တော့မသိဘူး ရေရှည်စီမံကိန်း တွေကို ထည့်သွင်းမထား ဘူးလို့တွေ့မိတယ်။ ဒီအတွက် နောက်ထပ်ဖြည့်လို့ ရရင်ဖြည့်စေချင်ပါတယ်။ (ဒီလင့်ခ်ကနေ Action Plan တွေကိုဖတ်နိင်တယ်။ https://www.moi.gov.mm/moi:eng/?q=news/28/04/2020/id-21511)

ဒီနေရာမှာ နဲနဲထပ်ဖြည့်ဆွေးနွေးချင်တာက အခန်း(၃)နဲ့ (၅)နဲ့ဆက်စပ်တဲ့ အလုပ်အကိုင်ပြသနာပဲ ဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း သပိတ်မှောက်တာတွေနဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် လုပ်ငန်းပိတ်သိမ်း ပြီးပြန်တဲ့ လုပ်ငန်းရှင်တွေအများသားပါ။ ဒီအတွက် ကိုဗစ်အလွန်မှာ အလုပ်လက်မဲ့ဖြစ်နေကြမယ့် ကော်လံပြာ လူတန်းစားတွေအတွက် ဘယ်လိုလုပ်မလဲဆိုတာ ပြသနာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ UNOPS ကနေ အထည်ချုပ်လုပ်သားတွေအတွက် အရေးပေါ်ရံပုံငွေ ယူရို ၅သန်း တော့ Nexus Response ကနေတဆင့် ပေးခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် ရေရှည်မှာဘယ်လိုလုပ်ကြမလဲ။ အထည်ချုပ်ကဏ္ဍမှာ လုပ်သားပေါင်း ၇၀၀,၀၀၀ ခန့်ရှိတဲ့ထဲကနေ ၃၅,၀၀၀ က အလုပ်ပြုတ်သွားနိုင်ချေရှိပြီး သက်ရောက်မှုဟာ လုပ်သား ၈၀၀,၀၀ ခန့်ထိသက်ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး LIFT ကနေ လူ ၅၀၀၀၀၀ ခန့်အထိ အကျိုးဖြစ်စေ မယ့် ချေငွေ (အသေးစားချေးငွေစနစ်နဲ့ချေးငှားမယ့်အစီအစဉ်) ဒေါ်လာ သန်း ၆၀-၂၀၀ ကရော ဘယ်လောက ထိ ထိရောက်နိင်ပါမလဲ မေးစရာဖြစ်ပါတယ်။

နိင်ငံတော်အစိုးရကနေ ကျပ်ငွေ ၁ဝဝဘီလီယံနဲ့ မတည်ထူထောင်ထားတဲ့ COVID-19 ကြောင့် ထိခိုက်နို်င်ချေ ရှိတဲ့ကဏ္ဍများမှ စီးပွားရေး လုပ်ငန်းတွေဆီချေးငွေပေးရေးက လက်တွေ့မှာ အလုပ်သိပ်မဖြစ်တာ ကြားသိ နေရပါတယ်။ ဥပမာ သိန်း ၃၀၀၀ ချေးဖို့ လျှောက်ထားတဲ့ လုပ်ငန်းရှင်ကို ၆၅သိန့်းခန့်ပဲ ချထား ခွင့်ပြု တာမျိုးတွေရှိနေတယ်လို့ လူမှုကွန်ယက်မှာ ပြန့်နှံနေပါတယ်။

လက်ရှိစျေးကွက်အတွင်း လူသူမရွေး ညီမျှပါဝင်မှု၊ ကုန်ထုတ်လုပ်မှုအရင်းအမြစ် တွေကို လက်လှမ်း မှီမှုစတဲ့ပုဂ္ဂလိက အရေးတွေကိုစဉ်းစားရမှာဖြစ်သလို၊ရေရှည်ဟန်ချက်ညီတဲ့စီးပွားဖွံ့ဖြိုးမှုဖြစ်စဉ်မှာအသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းဟာ ပုဂ္ဂလိကကဏ္ဍဦးဆောင်တဲ့စီးပွား ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ မရှိမဖြစ်ဖြစ်တယ်လို့ မြန်မာပြည်ရဲ့ MSDP (Myanmar Sustainable Development Plan) မှာဖော်ပြပါရှိထားတဲ့အတွက် ကိုဗစ်အလွန် ၂၀၂၀ မှာတက်မယ့် အစိုးရအနေနဲ့ ဖော်ပြပါ အချက်တွေကို ရေရှည်အတွက်ပါ စဉ်းစားပါမှ စီးပွားနာလံထမှု မြန်လာမှာဖြစ်တယ်လို့ မြင်မိပါတယ်..။

နောက်တခုကတော့ တရားဝင်ဖြေလျှော့ပေးမယ့် မေလ ၁၅ရက်နေ့မှာ မြန်မာပြည်ကရော ဘယ်လိုတွေပြင်ဆင်ထား သလဲ။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီမို့လို့ ဖြေလျှော့ပေးမှာလား? ထောက်ပံ့နိုင်အားနည်းသွားပြီ မို့ ဖြေလျှော့ လိုက်တာလား? ရောဂါကူးစက်မှု ပြန်မြင့်တက်လာရင် ဘယ်လိုလုပ်ဖို့တွေးထားသလဲ၊ တွေးထားတာ ရောရှိ သလား စတာတွေဟာ မေးစရာဖြစ်တယ်။ အိမ်နီးချင်းနဲ့တခြားကမ္ဘာ့တိုင်းပြည်တွေကိုကြည့်ရင် ကိုဗစ်အလွန်ကာလဟာ ပြန်လည်ထူထောင်ရေး ကာလ ဖြစ်သည်နှင့်အညီ ပြန်လည်ထူထောင်ရေးတွေလုပ်ကြရာမှာ အောင်မြင်သူရှိသလို ကျဆုံးသူလဲ ရှိတာတွေ့ရတယ်။

အိန္ဒိယဆိုရင် Lock down ကိုအတင်းကျပ်ဆုံး ချမှတ်ခဲ့တဲ့ နိုင်ငံတခုဖြစ်သည်နှင့်အညီ  ရောဂါကူးစက်မှု ကျဆင်းခဲ့တယ်။ ဒါကြောင့်မို့ ပြန်လည်ဖြေလျှော့မှုတွေကို ပြီးခဲ့တဲ့ ဧပြီလလည် လောက်မှာလုပ်ခဲ့ရာမှာ ခုချိန်မှာတော့ ကူးစက်ခံရသူပေါင်း ၅၀,၀၀၀ခန့်နှင့် ရုရှား၊ အမေရိကန်၊ဗြိတိန် နှင့် စပိန်ပြီးရင် ပဉ္စမမြောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံ ပြန်ဖြစ်လာခဲ့ပါတယ်။ ဧပြီလလည်လောက်တုန်းက သေဆုံးသူအနည်းငယ်ပဲ ရှိခဲ့ ပေမယ့် ခုတော့ နေ့စဉ် ရာကျော်သေဆုံးနေပါတယ်။ အိန္ဒိယလိုပဲ လူဦးရေထူထပ်ပြီး ကိုဗစ်ပထမဆုံး ဖြစ်ပွားခဲ့တဲ့ တရုပ်ကိုကြည့်ရင် ဖြစ်တုန်းကဖြစ်ခဲ့သလောက် ဖြေလျော့ချိန် နောက်ပိုင်းမှာလဲ ရောဂါဖြစ်ပွားမှု ဆက်လက်လျော့ဆင်းသွားတာတွေ့ရပါတယ်။ ကိုဗစ် ပထမဆုံး ဖြစ်ပွားခဲ့တဲ့ ၀ူဟန်မြို့ဟာ ၇၆ ရက်ကြာ Lockdown ခံခဲ့ရပါတယ်။ ဒါပေမယ့် ဖြေလျှော့မှုတွေ လုပ်ပြီးတဲ့အချိန်မှာ ကူးစက်မှု သေဆုံးမှုဆက်လက် လျော့ကျသွားပြီး လုံး၀ထိန်းချုပ်နိင်ခဲ့တယ်။    တရုပ်နိုင်ငံရဲ့ ဒေတာတွေကြည့်မယ်ဆိုရင် ဖြစ်ပွားသူပေါင်း ၈၂၉၀၁ ဖြစ်ပြီး သေဆုံးသူ ၄၆၃၃ ဦး (၁၀ မေ ၂၀၂၀) ဖြစ်ပါတယ်။

ဒီလိုဖြစ်ရခြင်းအကြောင်းရင်းကို နှိုင်းယှဉ်ကြည့်တဲ့အခါ စည်းကမ်းလိုက်နာမှု၊ စနစ်ကျမှုဆိုတာတွေ့ရတယ်။ အိန္ဒိယဟာ တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားနိုင်ပေမယ့် ဖြေလျော့မှုလဲလုပ်ရော လူတွေဟာ လွတ်လပ်ပြီ အထင်နဲ့ ကြိုက်သလိုနေကြပါတော့တယ်။ တရုပ်ကတော့ ဖြေလျော့မှုလုပ်တယ်ဆိုပေမယ့် လူတွေဟာ နှာခေါင်းစည်းတပ်လျက်၊ ကျောင်းတွေမှာ Social Distancing နဲ့ faceshield တပ်လျက် နေကြတဲ့အတွက် ကူးစက်မှုတဖြည်းဖြည်းကျဆင်း လာရ ခြင်းဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။

မေခွန်းက မေ ၁၅ရက်နေ့အလွန် ဖြေလျော့မှုမှာ မြန်မာပြည်သူတွေက အိန္ဒိယလိုဖြစ်ကြမလား၊ တရုပ်နိင်ငံလို သတိလေးဆက်ကပ်သွားကြမလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကပဲ အကောင်းအဆိုးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ မြင်မိပါတယ်။