Input your search keywords and press Enter.

နယ်စပ်ကုန်သွယ်ရေး ပိတ်ထားမှုကြောင့် မျောက်ငိုသီးရောင်းဝယ်သူများ အခက်ကြုံ

Salai C.Lian

ကမ္ဘာတစ်လွှား ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံဖက်ခြမ်းမှ တမူး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်မှုကြောင့် ယခင်အရောင်းအဝယ်သွက်သည့် မျောက်ငိုသီး ကုန်သည်များ အခက်ကြုံနေရကြောင်း သိရသည်။

မျောက်ငိုသီး ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦး ဖုန်းကပ်က “နယ်စပ်ကုန်သွယ်ရေး အကုန်ပိတ်ရင်တော့ ကျွန်တော်တို့ကတော့ အကုန်လုံးရှုံးမှာပဲ၊ ဒီနှစ် မျောက်ငိုသီးတွေက အရင်နှစ်နဲ့မတူဘူးနောက်ကျနေတယ်၊ အခုထိ အပင်ပေါ်မှာသီးနေတယ်၊ လက်ရှိအခြေအနေဆိုရင်တော့ စျေးပေါပေါနဲ့တောင် ကျွန်တော်တို့ ရောင်းလို့မရတဲ့ အခြေအနေဖြစ်နေတယ်၊ အရှုံးခံပြီး ရောင်းရင်တောင် ရောင်းလို့မရဘူး” ဟု ပြောသည်။

မျောက်ငိုသီးသည် ရာသီအလိုက် သီးသည့် အသီးဖြစ်ပြီး အချိန်ကြန့်ကြာထားရှိရန် မရခြင်းကြောင့် ယခုနှစ်မျောက်ငိုသီးကုန်သည်များအနေဖြင့် အရှုံးနှင့်သာ ရင်ဆိုင်နေရမည်ဖြစ်ကြောင်း ဦး ဖုန်းကပ်က ပြောသည်။

သူက “ကျွန်တော်တို့က လမ်းပြန်ဖွင့်တဲ့ချိန်စောင့်နေရင်လည်း တစ်ပတ်၊ နှစ်ပတ်ဆိုရင် မျောက်ငိုသီးအစိမ်းတွေက အကုန်လုံးခြောက်သွားမယ်၊ ရာသီအလိုက်သီးတဲ့ ကုန်စိမ်းဖြစ်တဲ့အတွက် မတ်လကုန်လောက်ဆိုရင်တော့ အကုန်လုံးခြောက်တော့မယ်၊ မျောက်ငိုသီးပွဲစားလုပ်တဲ့သူတွေကတော့ အကုန်လုံးရှုံးမှာပဲ၊ အခုမျောက်ငိုသီးတွေက အပင်လိုက်ဝယ်ကြတယ်၊ ၃ ပုံ ၁ ပုံလောက်ပဲ လက်ရှိမှာရောင်းနေတယ်၊ ကျန်တဲ့ ၂ ပုံတွေကတော့ လမ်းမဖွင့်ရင် အရှုံးပဲခံရမယ်၊ အခြောက်ခံပြီး ရောင်းရင်လည်း စျေးကတော့ အဲလောက်ရမယ်မထင်ဘူး” ဟု ပြောသည်။

ချင်းပြည်နယ်ဖက်မှ မျောက်ငိုသီးဝယ်ယူပြီး တမူးနယ်စပ်သို့ ပြန်လည်ရောင်းချသူ ဦး ရဲကျော်က “လက်ရှိအခြေအနေမှာကတော့ လုံးလုံးကို ဝင်လို့မရဘူး၊ ဝယ်တဲ့သူလည်းမရှိဘူး မပင်ခုတ်တဲ့သူလည်းမရှိဘူး ဖြစ်နေတယ်၊ ဒီတိုင်းရောင်းနိုင်တဲ့သူလည်း ရောင်းတယ်။ ကျန်တဲ့သူကလည်း ဒီတိုင်းကျန်ခဲ့တာပေါ့၊ ပြည်တွင်းမှာလည်း အဲလောက်ကြီး မဝယ်တော့ အမှဲ့ထားရုံပဲရှိတော့တယ်၊ မျောက်ငိုသီးတွေက တမူးနယ်စပ် မိုရေး ဘက်ကနေပဲတစ်ဖက်နိုင်ငံကိုပို့ရတော့ အပင်ပိုင်ရှင်တွေတော်တော်နစ်နာမယ်” ဟုပြောသည်။

မျောက်ငိုသီးဝယ်ရောင်းသူများအနေဖြင့် အပင်ပိုင်ရှင်များထံ ကြိုတင် ငွေပေးချေဝယ်ယူရခြင်းဖြစ်ခြင်းဖြစ်ပြီး ယခုနယ်စပ်ပိတ်ဆို့မှုကြောင့် အပင်ပိုင်ရှင်များသာမက မျောက်ငိုသီးကုန်သည်များပါ အကျိုးစီးပွားထိခိုက်ရခြင်းဖြစ်သည်။

 

Zawgyi

နယ္စပ္ကုန္သြယ္ေရး ပိတ္ထားမႈေၾကာင့္ ေမ်ာက္ငိုသီးေရာင္းဝယ္သူမ်ား အခက္ၾကဳံ

ကမၻာတစ္လႊား ပ်ံ႕ႏွံ့ေနသည့္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ ေစာင့္ၾကည့္စစ္ေဆးမႈေဆာင္ရြက္နိုင္ရန္အတြက္ အိႏၵိယနိုင္ငံဖက္ျခမ္းမွ တမူး နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္ပင္မႈေၾကာင့္ ယခင္အေရာင္းအဝယ္သြက္သည့္ ေမ်ာက္ငိုသီး ကုန္သည္မ်ား အခက္ၾကဳံေနရေၾကာင္း သိရသည္။

ေမ်ာက္ငိုသီး ေရာင္းဝယ္ေရး လုပ္ကိုင္ေနသူ ဦး ဖုန္းကပ္က “နယ္စပ္ကုန္သြယ္ေရး အကုန္ပိတ္ရင္ေတာ့ ကၽြန္ေတာ္တို႔ကေတာ့ အကုန္လုံးရႈံးမွာပဲ၊ ဒီႏွစ္ ေမ်ာက္ငိုသီးေတြက အရင္ႏွစ္နဲ႔မတူဘူးေနာက္က်ေနတယ္၊ အခုထိ အပင္ေပၚမွာသီးေနတယ္၊ လက္ရွိအေျခအေနဆိုရင္ေတာ့ ေစ်းေပါေပါနဲ႔ေတာင္ ကၽြန္ေတာ္တို႔ ေရာင္းလို႔မရတဲ့ အေျခအေနျဖစ္ေနတယ္၊ အရႈံးခံၿပီး ေရာင္းရင္ေတာင္ ေရာင္းလို႔မရဘူး” ဟု ေျပာသည္။

ေမ်ာက္ငိုသီးသည္ ရာသီအလိုက္ သီးသည့္ အသီးျဖစ္ၿပီး အခ်ိန္ၾကန႔္ၾကာထားရွိရန္ မရျခင္းေၾကာင့္ ယခုႏွစ္ေမ်ာက္ငိုသီးကုန္သည္မ်ားအေနျဖင့္ အရႈံးႏွင့္သာ ရင္ဆိုင္ေနရမည္ျဖစ္ေၾကာင္း ဦး ဖုန္းကပ္က ေျပာသည္။

သူက “ကၽြန္ေတာ္တို႔က လမ္းျပန္ဖြင့္တဲ့ခ်ိန္ေစာင့္ေနရင္လည္း တစ္ပတ္၊ ႏွစ္ပတ္ဆိုရင္ ေမ်ာက္ငိုသီးအစိမ္းေတြက အကုန္လုံးေျခာက္သြားမယ္၊ ရာသီအလိုက္သီးတဲ့ ကုန္စိမ္းျဖစ္တဲ့အတြက္ မတ္လကုန္ေလာက္ဆိုရင္ေတာ့ အကုန္လုံးေျခာက္ေတာ့မယ္၊ ေမ်ာက္ငိုသီးပြဲစားလုပ္တဲ့သူေတြကေတာ့ အကုန္လုံးရႈံးမွာပဲ၊ အခုေမ်ာက္ငိုသီးေတြက အပင္လိုက္ဝယ္ၾကတယ္၊ ၃ ပုံ ၁ ပုံေလာက္ပဲ လက္ရွိမွာေရာင္းေနတယ္၊ က်န္တဲ့ ၂ ပုံေတြကေတာ့ လမ္းမဖြင့္ရင္ အရႈံးပဲခံရမယ္၊ အေျခာက္ခံၿပီး ေရာင္းရင္လည္း ေစ်းကေတာ့ အဲေလာက္ရမယ္မထင္ဘူး” ဟု ေျပာသည္။

ခ်င္းျပည္နယ္ဖက္မွ ေမ်ာက္ငိုသီးဝယ္ယူၿပီး တမူးနယ္စပ္သို႔ ျပန္လည္ေရာင္းခ်သူ ဦး ရဲေက်ာ္က “လက္ရွိအေျခအေနမွာကေတာ့ လုံးလုံးကို ဝင္လို႔မရဘူး၊ ဝယ္တဲ့သူလည္းမရွိဘူး မပင္ခုတ္တဲ့သူလည္းမရွိဘူး ျဖစ္ေနတယ္၊ ဒီတိုင္းေရာင္းနိုင္တဲ့သူလည္း ေရာင္းတယ္။ က်န္တဲ့သူကလည္း ဒီတိုင္းက်န္ခဲ့တာေပါ့၊ ျပည္တြင္းမွာလည္း အဲေလာက္ႀကီး မဝယ္ေတာ့ အမွဲ႕ထား႐ုံပဲရွိေတာ့တယ္၊ ေမ်ာက္ငိုသီးေတြက တမူးနယ္စပ္ မိုေရး ဘက္ကေနပဲတစ္ဖက္နိုင္ငံကိုပို႔ရေတာ့ အပင္ပိုင္ရွင္ေတြေတာ္ေတာ္နစ္နာမယ္” ဟုေျပာသည္။

ေမ်ာက္ငိုသီးဝယ္ေရာင္းသူမ်ားအေနျဖင့္ အပင္ပိုင္ရွင္မ်ားထံ ႀကိဳတင္ ေငြေပးေခ်ဝယ္ယူရျခင္းျဖစ္ျခင္းျဖစ္ၿပီး ယခုနယ္စပ္ပိတ္ဆို႔မႈေၾကာင့္ အပင္ပိုင္ရွင္မ်ားသာမက ေမ်ာက္ငိုသီးကုန္သည္မ်ားပါ အက်ိဳးစီးပြားထိခိုက္ရျခင္းျဖစ္သည္။