Input your search keywords and press Enter.

ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ထပ်မံပိတ်ပင်ခံရ

Salai Khup Khup

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း (၄)မြို့နယ်တို့တွင် အင်တာနက်လိုင်း များကို အစိုးရမှ ယနေ့မှစပြီး ဒုတိယအကြိမ် ထပ်မံ ပိတ်လိုက်သည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ မိုဘိုင်းတယ်လီဖုန်းများကို ယာယီပိတ်ထားရန် ညွှန်ကြားချက်အရ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း Telenor ဆက်သွယ်ရေးလိုင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့ဒေသခံ ဦးဘူးထန်ပိုင်က “ဒီနေ့မနက်အစောပိုင်းလောက် ကနေ စပြီးအင်တာနက်လိုင်း မရတော့ဘူး။ MPT ကပို့ထားတဲ့ မက်ဆေ့တော့ တွေ့တယ်။ အင်တာနက်လိုင်း အဆင်မပြေတာကြောင့် စိတ်မကောင်းပါဘူး ဆိုတဲ့ မက်ဆေ့ခ်ျတွေတော့ တွေ့တယ်။ ငွေလွဲတွေမှာ မြန်မာ့စီးပွားရေး ဘဏ်တွေက ခက်ခဲတော့ Wave Money တို့ KBZ Pay တို့ကနေ ငွေလွဲတာတွေရှိတယ်။
အခုအင်တာနက်လည်း မရတော့ဘူး ဆိုတော့ ငွေလွဲ ငွေထုတ်တွေမှာ အခက်အခဲဖြစ်တော့မယ်။ စီးပွားရေး ဘဏ်တစ်ခုတည်းဘဲ အားကိုးရတော့မှာ ပြည်ပအဆက်အသွယ်တွေမှာလည်း အခက်အခဲအများကြီး ကြုံတွေရတော့ မှာဖြစ်တယ်”ဟုပြောသည်။

ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် Telenor အပါအဝင် Ooredoo၊ Mytel နှင့် MPT တို့မှ အင်တာနက် ဝန်ဆောင်မှုကို ဖေဖော်ဝါရီ (၃) ရက်နေ့ ည(၁၀) နာရီအချိန်က စပြီး ပိတ်လိုက်ကြောင်း သိရသည်။

ဘူးသီတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် အင်တာနက်လိုင်း ဖြတ်တောက်တော့ မည့်ကြောင်း ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဆက်သွယ်ရေး ကုမ္ပဏီအချို့၏ အသိပေး အကြောင်း ကြားသည့် မက်ဆေ့များ ရောက်လာကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော် တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြို့နယ် ၈ ခုကို ၂၀၁၉ ဇွန်လကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပြီးနောက် ယခုထပ်မံ အင်တာလိုင်းများကို ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြတ်တောက်ထားပြီး ဖုန်းပြောဆိုမှုကိုသာ ဖွင့်ထားကြောင်း သိရသည်။