Input your search keywords and press Enter.

မောင်နှမကျေးရွာတွင် မပေါက်ကွဲသေးသည့် အမြောက်ဆံကြောင့် ဒေသခံပြည်သူများ စိုးရိမ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မောင်နှမကျေးရွာတွင် မပေါက်ကွဲသေးသည့် အမြောက်ဆံများ သြဂုတ် ၃ ရက်နေ့တွင် တွေ့ရှိပြီး တာဝန်ရှိသူများ ရှင်းလင်းပေးရန် အကြောင်းကြားသော်လည်း ရှင်းလင်းမှုမလုပ်ပေးခြင်းကြောင့် ဒေသခံပြည်သူများစိုးရိမ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မောင်နှမကျေးရွာသူတစ်ဦးက “ရွာထဲမှာ အမြောက်ဆံ ၃ ခုတွေ့တယ်၊ ဘယ်ချိန်မဆို ပေါက်နိုင်တာကြောင့် ရွာသားတွေက တာဝန်ရှိသူတွေကို ရှင်းလင်းပေးဖို့ အကြောင်းကြားတယ်၊ သူတို့က ဘာမှမလုပ်ပေးတော့ ရွာသားတွေက အမြောက်ဆံတစ်ခုကို ချောင်းထဲပစ်တယ်၊ နောက်တစ်ခုကတော့ ၀ါးလုံးအရှည်တွေနှင့် ချောင်းထဲပစ်တော့ သစ်ကိုင်းတွေနဲ့ ထိမိပြီး ပေါက်ကွဲသွားတယ်၊ နောက်တစ်ခုကတော့ အမြောက်ဆံ မြေထဲတည့်ဝင်တော့ ကြိုးနှင့်ချီထားတယ်၊ ဘယ်ချိန်မဆို ပေါက်ကွဲနိုင်တာကြောင့် မထိရဲတော့ဘူး၊ ဒီတိုင်းပဲ ထားကြတယ်”ဟု ပြောသည်။

သူက ဆက်ပြီး “တောထဲမှာလည်း ကျည်ဆံတွေ ဒေသခံတွေက တွေ့တယ်၊ တောင်ယာကိုလည်း ဘယ်သူမှ မသွားရဲကြဘူး၊ မိုင်းတွေနင်းမိမှာကိုလည်း စိုးရိမ်ကြတယ်၊ ဒေသခံတွေကတော့ ဒီတိုင်းပဲ ဘယ်မှာမှ မထွက်ရဲပဲ နေကြတယ်” ဟု ပြောသည်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား စစ်ပွဲများ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်နေခြင်းဖြစ်ပြီး ဒေသခံများ မိုင်းနင်းမိခြင်း ဒုက္ခိတ ဘ၀ရောက်ရသည့် အခြေအနေများလည်း ရှိနေသည်။

Unicode Version