Input your search keywords and press Enter.

ပလက်ဝစစ်ဘေးရှောင်များအတွင် ချင်းပြည်နယ်အစိုးရမှ ကျပ်သိန်းပေါင်း ၁၇၀၀ နီးပါးအလှူငွေရရှိ

Salai Khup Khup

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရ အနေဖြင့် သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာဝန်းကျင်ရရှိကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။  

လူမှုရေးဝန်ကြီး ပေါင်လွင်မင်းထန်က “အခုလည်း ပလက်ဝဖက်သွားဖို့ ပြင်ဆင်နေတယ်။ လက်ရှိကျွန်တော်တို့ဆီမှာ ရောက်ရှိလာတဲ့ စစ်ဘေးရှောင် စာရင်းအရ ၂၂၀၀ကျော်ရှိတယ်။ ဒီကြားထဲ ရေဘေးဒုက္ခသည် ခြောက်ရာကျော်လောက် ရှိတဲ့အခါကျတော့ လောလောဆယ် အစားသောက်ပိုင်းကိုဘဲ တတ်နိုင်မှာဖြစ်တယ်။ သူတို့အတွက် သုံးလစာကို  သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာလောက် ရောက်လာတယ်။ အဲဒါနဲ့ ပံ့ပိုးပေးမှာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် န.တ.လ မှသုံးလစာ၊ လူကယ်ပြန် ဖက်မှသုံးလစာ နှင့် အခြား အလှူရှင်များမှ လှူတန်းကြောင်း လူမှုရေးဝန်ကြီး ပေါင်လွင်မင်းထန်ကပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် လာရောက်လှူတန်းသော ငွေကြေးများဖြင့်  ဒုက္ခသည်များအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့်  ဆန်၊ ဆီ၊ ဆား များကို အဓိက ပံ့ပိုးမည့်အပြင် စစ်ဘေးရှောင်များအတွက် လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည့် စခန်းများကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ပေါင်လွင်မင်းထန်ကပြောသည်။

လူမှုရေးဝန်ကြီး ပေါင်လွင်မင်းထန်က “စစ်ပွဲတွေကလည်း မငြိမ်တော့ စခန်းလေးချပေးဖို့ပါ။ စစ်ဘေးရှောင်တွေ လွတ်လွတ်လပ်လပ် နေလို့ရနိုင်တဲ့ နေရာမှာ စခန်းလုပ်ပြီး စစ်ဘေးရှောင်တွေအတွက်ရော သွားရောက် လှူတန်းတဲ့သူတွေအတွက်ရော အကျိုးရှိနိုင်အောင် လုပ်ဖို့စီစဉ်ထားတယ်”ဟုပြောသည်။