Input your search keywords and press Enter.

မြွေတောင်ရှိ သတ္တုခိုးသူများကို တော်လှန်ရေးလုပ်ထုံးအတိုင်း အရေးယူ မည်ဖြစ်ကြောင်း ZRA မှ ကျည်ဆံတစ်တောင့်ဖြင့် သတိပေး



Salai Khup Khup

တီးတိန်မြို့နယ်ရှိ မြွေတောင်တွင် သတ္တုခိုးထုတ်သူများကို ထပ်မံကျူးလွန်ပါက တော်လှန်ရေးလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူမည်ဖြစ်ကြောင်း ပထမအကြိမ်နှင့် နောက်ဆုံးကြိမ်အဖြစ် Zomi Revolutinary Army (ZRA)မှ ကျည်ဆံတစ်တောင့်ဖြင့် သတိပေးစာပေးပို့ထားကြောင်းသိရသည်။

သတိပေးစာတွင် ဦးသန်းအောင်အမည်ကို လိပ်မူကာ ဇိုမီးလူမျိုးတို့၏ ဘိုးဘွားပိုင် မြွေတောင်ဒေသမှ အဖိုးတန် သတ္တုရတနာများကို ကြိမ်ဖန်များစွာ တရားမ၀င် ခိုးယူတူးဖော်နေကြောင်း ခိုင်လုံစွာ သတင်းရရှိသည်ဟု ဇွန်လ (၁၃) ရက်နေ့တွင် ပေးပို့သည့်စာတွင် ပါရှိသည်။

ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့တာဝန်ခံ မိုးဇက်က “ဦးသန်းဆောင်တို့ နောက်ပြီး ထပ်သိတာက ရာဇဂြိုလ်ရွာက ဦးအဲကျော် တို့လည်း မကင်းနိုင်ဘူးလို့သိရတယ်။ ချင်းပြည်နယ် သစ်တောဝန်ကြီးဌာန ကိုသတင်းပေးပို့တယ်။ သူတို့ကလည်း ဗဟိုအစိုးရကနေတဆင့် ဒီဖက်စစ်ကိုင်းတိုင်းကို ကန့်ကွက်မယ်ပေါ့ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကိုင်းတိုင်းကနေပြီး နယ်ကျော်ပြီးတော့ သတ္တုတွေခိုးထုတ်နေတယ်ပေါ့ ။ ဗဟိုအဆင့် သစ်တောဝန်ကြီးဌာနကနေ ကန့်ကွက်မယ်ပြောတာ အခုထက်ထိတော့ ဘာမှအရေးယူတာမရှိသေး ဇိုမီးတော်လှန်ရေးအင်အားစုတွေက လက်ပိုက်ကြည့်မနေနိုင်လို့ပါလာတာ သူတို့လည်း အမျိုးသားရေးအမြင်နဲ့ ဖြစ်တယ်”ဟုပြောသည်။

တီးတိန်မြို့နယ် မြွေတောင်တွင် ပြီးခဲ့သည့်လတွင် မြေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံများသွားရောက်ခဲ့ပြီး သတိပေးခြင်းကို လူမှုကွန်ယက်မှ တစ်ဆင့် အသိပေးဆောင်ရွက်ခဲ့သော်လည်း သတ္တုခိုးထုတ်သော လူများမှာ လွက်မြောက်နေသေးကြောင်း မိုးဇက်ကပြောသည်။
မြွေတောင်ရှိ ခရိုမိုက်သတတ္တုအများဆုံးပါဝင်သော သတ္တုများကို ကားအကြီးနှစ်စီးစာလောက် ခိုးယူခဲ့ပြီး ခရိုမိုက်သတ္တုအများဆုံး လေးကျင်း ထုတ်ယူပြီးဖြစ်ကြောင်း ကားဖြင့်သယ်ယူရန် အဆင်သင့်ပုံထားသော ဆယ်ကျင်းလောက်ကို မြင်တွေ့ခဲ့ရကြောင်း ဇိုမီးကျောင်းသားလူငယ်အဖွဲ့ တာဝန်ခံ မိုးဇက်ကပြောသည်။

တရုတ် ကုမ္ပဏီတစ်ခုမှ ၂၀၁၂ ဝန်းကျင်တွင် မြွေတောင်နှင့် ဖားတောင်ရှိ သတ္တုများကို တူးဖော်ရန် စီမံကိန်းချခဲ့သော်လည်း ဒေသခံများကန့်ကွက်သောကြောင့် စီမံကန်းရပ်တန့်သွားခဲ့သည်။