Input your search keywords and press Enter.

ပျောက်ဆုံးနေသော ကင်းတလင်းရွာသား(၅၂)ဦးအတွက် မိသားစုဝင်များ အလွန်စိုးရိမ်ပူပန်နေကြရကြောင်း CHRO မှ ထုတ်ပြန်


ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှ ပျောက်ဆုံးလျှက်ရှိသော ရွာသား(၅၂)ဦး အတွက် ၄င်းတို့မိသားစုဝင်များအနေဖြင့် ယခုအချိန်အထိ အဆက်အသွယ် မပြုလုပ်နိုင် သည့်အတွက် အလွန်စိုးရိမ်ပူပန်နေကြရကြောင်း CHRO (Chin Human Right Organization) မှ ထုတ်ပြန်ထားသည်။

“ကျနော့မိန်းမနှင့်သမီး(၆)ယောက်လည်း သူတို့ဖမ်းတဲ့ထဲမှာပါတယ်၊ AA အဖွဲ့လာဖမ်းတဲ့အခါမှာ ကျနော်က အလုပ်ကိစ္စနဲ့ခရီးသွားတဲ့အခါမှာဖြစ်တယ်ဆိုတော့ ကျနော်စိတ်နာတယ်၊ ကျနော်က ၀မ်းနည်းလွန်းလို့ ဦးနှောက် တောင်မှ သိပ်မမှန်တော့ဘူး၊ သူတို့ဖမ်းဆီးခေါ်ဆောင်သွားဒါ (၄)လတောင်ရှိပြီ အဆက်အသွယ်လဲမရှိဘူး ဆိုတော့ ကျနော့မိသားစုအတွက် ကျနော်အလွန်စိုးရိမ်ပြီး ၀မ်းနည်းနေရတယ်” ဟု မိသားစုဝင်(၆)ယောက်နဲ့ ဝေးကွာ နေရတဲ့ ဦးကံအောင်က ပြောသည်။

အဆိုပါ ရွာသား ၅၂ ဦးကို ဖေဖော်ဝါရီလ နှစ်ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ အဖမ်းခံရသည်မှာ လေးလကျော်လာသော်လည်း သတင်းအစအန မကြားရပေမယ့် ရခိုင်လူမျိုး ခမောင်းဝရွာသား ၈၀ ကျော်လည်း အဖမ်းခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဦးကံအောင်ထံမှ သိရသည်။

“ညီလေးတော်တဲ့ ဦးကျော်သိန်းဟာ AA အဖွဲ့မှဖမ်းဆီးခေါ်ဆောင်ရာမှ ပြန်လည်ထွက်ပြေး လွတ်မြောက်လာပြီးနောက် စိတ်ပုံမမှန်ဘဲတော့ သမီးဖြစ်သူ မသီတာမေ၏ ဦးခေါင်းနှင့်လက်ကို ဓါးနဲ့ခုတ်ခဲ့ရခြင်းဖြစ်တယ်၊ သူ့သမီးစစ်တွေဆေးရုံမှာဆေးဝါးကုသနေစဉ် ငွေကြေးအခက်အခဲရှိတဲ့ အတွက် ပလက်ဝမြို့ လူမှုကူညီရေး ပရဟိတအဖွဲ့က နှစ်သိန်းခွဲနဲ့ကူညီခဲ့ကြသေးတယ်၊ အခုတော့သူ့သမီးက ကောင်းသွားပြီဆိုတော့ ဆေးရုံကနေဆင်းသွားပြီ၊ ကျနော့ညီ ဦးကျော်သိန်းကိုတော့ အခုလောလောဆယ် ပလက်ဝမြို့ မြို့မရဲစခန်းမှာ ထိန်းသိမ်းထားနေဆဲဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကအခုအချိန်အထိ စိတ်ကပုံမှန်မဖြစ်သေးတဲ့အတွက် သူ့သမီးလို တခြားလူတွေကိုလည်း အန္ဒရာယ်ပြုမှာစိုးလို့ ထိန်းထားတဲ့ သဘောဘဲ” ဟုဦးကံအောင်မှ ပြောသည်။

နောက်ဆုံးသတင်းကြားသိချက်အရ AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းတလင်းရွာသား(၅၂)ဦး တို့သည် လက်ရှိတွင် Bangladesh နှင့် မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ AA အဖွဲ့ရဲ့စခန်းမှာတနေရာမှာ ထိန်းသိမ်း ထားနေဆဲဖြစ်ပြီး ၄င်းတို့ကို စခန်းအပြင်ဖက်သို့ သွားခြင်းများလုံးဝတားမြစ်ထားကြောင်းနှင့် အလားတူ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရခိုင်းလူမျိုး တွေကိုတော့ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးခဲ့ကြကြောင်း CHRO ၏ ရေးသားချက်အရသိရသည်။

AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းတလင်းကျေးရွာမှ ရွာသား(၅၂)ဦးထဲတွင် အမျိုးသမီး(၃၃)ယောက်ပါရှိပြီး ၄င်းတို့ထဲမှ ကျောင်းနေကလေးသူငယ်ပေါင်း(၁၇)ယောက်ရှိသည့်အနက် မိန်းကလေးငယ်တွေက(၉)ယောက်ပါရှိနေကြောင်းနှင့် ကျောင်းနေကလေးသူငယ်များ ကျောင်းနေဖို့အတွက် သူ့ဆွေမျိုးများက ပိုပြီးစိတ်ပူပန်နေရကြောင်းသိရသည်။