Input your search keywords and press Enter.

မတူပီခရိုင်ရုံးနေရာ ကန့်ကွက်ခြင်း သုံးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုကို မတူပီလူငယ်များမှ ဦးဆောင်ပြုလုပ်မည်



Chin World

မတူပီခရိုင်ရုံးကို မြို့နှင့် ၈ မိုင်ဝန်းကျင်ဝေးသည့် ဖနိုင် နှင့် ငလိုင်ကြားတွင် တည်ဆောက်ရန် ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုမှုကို မကျေနပ်သည့်အတွက် မတူပီလူငယ်အဖွဲ့မှ ယခုအပတ်အတွင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ မတူလူငယ် ဆလိုင်းဗျက်လျန်ထန်းကပြောသည်။

သူက “ ဆန္ဒထုတ်ဖော်ဖို့စာတင်ပြီးပါပြီ။ စနေနေ့က တင်ထားတာဖြစ်တယ်။ ခွင့်ပြုချက်တော့ မရသေးဘူး။ ဒီလ (၇) ရပ်နေ့ ထုတ်ဖော်ဖို့တင်ထားတာဖြစ်တယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို မတူပီမြို့မိမြို့ဖတွေဆန္ဒထုတ်ဖော်ခဲ့တယ်။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နဲ့လုပ်ခဲ့တယ်။ လူကြီးပိုင်းတွေနဲ့ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ ဒါကြောင့် လူငယ်တွေအနေနဲ့ အခုတတိယအကြိမ် လူထုကိုဆော်သြပြီး ဆန္ဒထုတ်ဖော်မှာဖြစ်တယ်” ဟုပြောသည်။

ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းထားသည့် ကြွေးကြော်သံများအဖြင့်
ပြည်နယ်အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော တစ်ဖက်သတ် လုပ်ဆောင်ချက်အလိုမရှိ၊ ပြည်နယ်အစိုးရ၏ ပျူရိုဂရက်အုပ်ချုပ်ရေးအလိုမရှိ၊ ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ မတူပီခရိုင်အုပ်ချုပ်ရေးရုံးကို စည်ပင်ဧရိယာအတွင်း သတ်မှတ်ပေးရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တင်ပြရာတွင် လူအင်အား ၅၀၀၀ ခန့်ဖြင့် ထုတ်ဖော်ရန် တင်ပြထားကြောင်းသိရသည်။

မတူပီခရိုင်ရုံးတည်ဆောက်မည့်နေရာကို မတူပီမြို့တွင် သုံးနေရာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖနိုင်နှင့်ငလိုင်ကြားတွင်တည်ဆောက်ရန်အတွက် ပညာရှင်များမှ မြေနေရာများတိုင်းတာပြီးနောက် ရေရှည်ခိုင်ခံ့မှုတွင် အမှတ်အများဆုံးရသည့်အတွက် ရွေးချယ်ရခြင်းဖြစ်ကြောင်းပြည်နယ်အစိုးရဖက်က ပြောဆိုထားပြီးဖြစ်ပြီး အဆောက်အဦးတည်ဆောက်ရန် တင်ဒါကိုလည်း ခေါ်ဆိုထားပြီးဖြစ်သည်။

ဆလိုးဗျက်လျန်ထန်းက “ တင်တာတော့ခေါ်ပြီ၊ သူတို့မြေတိုင်းထားတာကို မြို့ပေါ်ရောက်အောင် သတင်းဖြန့်လိုက်တယ်။ သူတို့က မြေဧကအများကြီးရှိကြောင်းပြတယ်။ လမ်းမပေါက်တဲ့အထိ ဧကတစ်ထောင်ဆိုပြီးတိုင်းတယ်။ အဲဒီမြေနေရာမှာ သူတို့လည်း အရှုပ်အရှင်းတွေပေါ်နေတယ်။ ခရိုင်ရုံးဆောက်တဲ့နေရာကိုတော့ ပြည်သူကလှူတယ်။ ဒါပေမယ့် တစ်ခြားဘေးနေရာတွေကျတော့ ပြည်သူတွေရဲ့လုပ်ကွက်တွေကို ထိခိုက်တာပေါ့။ ခရိုင်ရုံးမြေနေရာကလွဲပြီး တစ်ခြားနေရာတွေကျတော့ ပြည်သူတွေအတွက် လုပ်ကွက်မရှိတော့တဲ့အတွက် သူတို့လည်း ရှုပ်နေကြတယ်။ အစိုးရကသာ လက်ရှိတည်ဆောက်မယ့်နေရာကို အတည်ပြုမယ်ဆိုရင် အဲဒီဖက်မှာလည်း ပြသနာတက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟုပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် လက်ရှိသတ်မှတ်ထားသည့်နေရာတွင် ခရိုင်ရုံးတည်ဆောက်ရန် ဆက်လက်ဆောင်ရွက်ပါက ရန်ကုန်မြို့တွင်လည်း ဆန္ဒထုတ်ဖော်သွားမည့်အပြင် နိုင်ငံတကာရှိ မတူ(ချင်း) များနေထိုင်ရာဒေသများတွင်လည်း အကြံပေး ဆန္ဒထုတ်ဖော်ခိုင်းသွားမည်ဖြစ်ကြောင်း ဆလိုင်းဗျက်လျန်ထန်းကပြောသည်။

လက်ရှိအစိုးရသတ်မှတ်ထားသည့် ခရိုင်ရုံးတည်ဆောက်မည့်နေရာသည် မတူပီမြို့မှ စစ်တပ်ဗျူဟာကုန်းကို ဖြတ်ပြီးသွားရသည့်နေရာဖြစ်သည့်အတွက် မြို့အဂါင်္ရပ်နှင့်မညီသလို ပြည်သူများအတွက်လည်း လုံခြုံမှုမရှိကြောင်း သူကဆက်ပြောသည်။