Input your search keywords and press Enter.

ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် မင်းတပ်မြို့တွင် အလှူငွေကောက်ခံ



Salai Khup Khup
မင်းတပ်မြို့တွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်များပှုးပေါင်းပြီး ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်နေရသည့် ပလက်ဝမြို့နယ်တွင်းက ပြည်သူများအတွက် အလှူငွေများကို နှစ်ရက်အချိန်ယူကောက်ခံသွားမည် ဖြစ်ကြောင်း မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က ပြောသည်။

မင်းတပ်အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “မင်းတပ်အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒီနေ့ကနေစပြီး အလှူငွေကောက်ခံမှာ ဖြစ်တယ်။ကျွန်တော်တို့ နှစ်ရက်အချိန်ယူပြီး တစ်မြို့လုံးကို အလှူငွေ ကောက်ခံသွားမှာဖြစ်တယ်။ ကျွန်တော်တို့ အခု ကောက်ခံမှာက ငွေသားလည်းပါတယ်၊ အဝတ်စားတွေလည်း ပါမယ်၊ နောက်ပြီး အဓိကတော့ ကုန်ခြောက်စားကုန်တွေပေါ့”ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲများကြောင့် ပြည်သူများ မြေစာပင်များဖြစ်ကြရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဖြင့် မင်းတပ်မြို့တွင်ရှိသော မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် ဆလိုင်းမာန်အွမ်ကပြောသည်။

မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “ကျွန်တော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်း အနေနဲ့လည်း စစ်ဘောင်ချုပ်ပြီး စစ်ပွဲတွေအစား နိုင်ငံရေးဘောင်ကိုပဲချဲ့ပြီး လုပ်ပေးဖို့၊ ရက္ခိုင့်တပ်မတော်ဖက်ကိုလည်း ကိုယ့်ရဲ့ယုံကြည်မှုအတွက်နဲ့ တခြားသူတွေကိုပါ စတေးဒါမျိုးမဖြစ်ဘဲ ကိုယ့်ရဲ့ယုံကြည်မှုကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းပေးဖို့ အကြံပြုဆွေးနွေးတဲ့ ဟာတွေကို မေတ္တာရပ်ခံစာပေးပို့ဖို့လည်းရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဇွန်လ (၁၀)ရက်တွင် ပလက်ဝမြို့ပေါ်တွင် ပြောင်းရွှေ့စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၃ အိမ်ရှိပြီး လူဦးရေ ၇၂၂ ဦးရှိပြီး စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကလေးများပညာရေးအတွက်ပါ စိုးရိမ်ရသော အခြေအနေဖြစ်ကြောင်းလည်း သိရှိရသည်။

Photo; Salai Aung Lawha