Input your search keywords and press Enter.

တစ်ရက်တွင် ဘိလပ်မြေ အိတ် တစ်သိန်း ထုတ်လုပ်နိုင်သော ဘုံးဇုံးဘိလပ်မြေစက်ရုံစီမံကိန်းတွင် ရထားလမ်းပါဝင်မည်ဟုဆို



Salai Khup Khup

ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံရွာတွင် တစ်နေ့လျှင် ဘိလပ်မြေ အိတ် တစ်သိန်းထုတ်လုပ်နိုင်သော စက်ရုံနှစ်ရုံ တည်ဆောက်သွားမည်ဖြစ်ပြီး ရထားလမ်းပါဝင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဘုံဇုံးမှာ ဘိလပ်မြေစက်ရုံလုပ်ရင် တစ်နေ့ကို ဘိလပ်မြေတစ်သိန်းထွက်တဲ့ဟာ လုပ်မှာဖြစ်တယ်။ တစ်သိန်းထွက်နိုင်ရင် ချင်းပြည်နယ်ရဲ့ GDPလည်းအရမ်းတတ်မှာဖြစ်တယ်။ အဲဒါတစ်ခုအောင်မြင် သွားရင် နောက်ထပ်စက်ရုံတစ်ရုံ ထပ်ဆောက်အုံးမှာဖြစ်တယ်။ ဘိလပ်မြေစက်ရုံ နှစ်ရုံဆိုရင် ဒေသအတွက်လည်း အကျိုးရှိမယ် လူထုတွေလည်း အလုပ်အကိုင်အခွင့် အလမ်းတွေလည်းရမယ် ပြည်နယ်အတွက်ရော ပြည်ထောင်စုအတွက်ရော အကျိုးရှိမှာဖြစ်တယ်၊”ဟုပြောသည်။

ဘုံဇုံရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ပထမတင်ဒါ အောင်မြင်သော ပုဂ္ဂိုလ်မှာ နိုင်ငံတော် အခွန်များစွာ ပေးသွင်းရန်လိုသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ပထမတင်ဒါ ပျက်သွားခဲ့ပြီး နောက်ထပ် တင်တာခေါ်သော အဖြေမသိရသေးကြောင်းနှင့် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးတည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ပုံတောင် ပုံညာကို ဖြတ်ပြီးတော့ဖော်ထားတဲ့ရထားလမ်းရှိတယ်၊ ခုတော့ ပျက်နေတော့ လောလောဆယ်မသုံးဘူး၊ အဲဒီဟာကို ကျနော်တို့ပြင်မယ် ပို့ဆောင်ဆက်သွယ်ရေးအတွက်လွယ်ကူအောင်ပေါ့၊ အဲဒီဟာပြင်ပြီးသွားရင် ဘုံဇုံးထိရထားရောက်အောင်ဖောက်သွားမှာပါ”ဟုပြောသည်။

ဘုံးဇုံးရွာတွင် တည်ဆောက်မည့် ဘိလပ်မြေစီမံကိန်းနှင့်ပတ်သတ်ပြီး ဒေသခံတစ်ချို့မှ ကန့်ကွက်မှုရှိခဲ့ပြီး ဒေသခံများလက်ခံလာနိုင်ရန် လုပ်ဆောင်နေကြောင်း ၀န်ကြီးဦးစိုးထက်မှပြောသည်။