Input your search keywords and press Enter.

ဆူရ်ဘုန်လေယာဉ်ကွင်းပြီးစီးမှသာ ထန်တလန်မြို့နှင့်တီးတိန်မြို့ လေယာဉ်ကွင်း တည်ဆောက်ခြင်းကို အကောင်ထည်ဖော်မည်ဟုဆို



Salai Khup Khup

ထန်တလန်မြို့နှင့် တီးတိန်မြို့တို့တွင် လေယာဉ်ကွင်းပြုလုပ်ရန် စီမံကိန်းကို ဆူရ်ဘုန်လေယာဉ်ကွင်း ပြီးမှသာ အကောင်ထည်ဖော်ဆောက်ရွက်မှာ ဖြစ်ပြီး လက်ရှိ ထန်တလန်နှင့် တီးတိန်တွင် လေယာဉ်ကွင်းလုပ်၍ရမရ မြေအနေထား တိုင်းတာခြင်းသာရှိသေးကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “ဆူရ်ဘုန် လေယာဉ်ကွင်းတောင်မှ ဘတ်ဂျက်က ၂၅ ဘီလျံလောက်လိုတဲ့ ဥစ္စာမှာ တခြားဟာကိုလုပ်လို့မရသေးပါဘူး ဆူရ်ဘုန်လေယာဉ်ကွင်းအတွက် ဘတ်ဂျက်ကိုထည့်တော့ ထည့်ထားပြီးပါပြီ ၂၀၂၀မှာဖွင့်နိုင်ဖို့လုပ်ထားတာဖြစ်တယ်။ အဲဒါမပြီးမချင်းတော့ တခြားဟာလုပ်လို့ မရသေးဘူး ဆူရ်ဘုန်လေယာဉ်ကွင်းပြီးတာနဲ့ တဆက်တည်း တခြားမြို့တွေကလည်း လေယာဉ်ကွင်းလုပ်ချင်တယ် ဆိုတော့ တီးတိန်နဲ့ ထန်တလန်မှာ လေယာဉ်ကွင်းလုပ်လို့ရမယ့် မြေအနေထားရှိမရှိ မြေတိုင်းတာတဲ့ အနေအထားမှာဘဲရှိပါသေးတယ်”ဟုပြောသည်။

လေယာဉ်ကွင်း တည်ဆောက်ရန် မြေအနေထားမှာ အနည်းဆုံး ပေလေးထောင်ရှိရမှာ ဖြစ်ပြီး တီးတိန်မြို့နှင့် ထန်တလန်မြို့တွင် မြေတိုင်းရာ ပေခြောက်ထောင်ရှိပြီး လေယာဉ်ကွင်းတည်ဆောက်ရန် လုံလောက်သော မြေအနေထားရှိကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဖလမ်းမြို့တွင် လက်ရှိတည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းအတွက် ဘတ်ဂျက်အကုန်မကျသေးသဖြင့် ငွေမရှင်းနိုင်မှုများအတွက် ကုမ္ပဏီများအနေဖြင့် စောင့်ဆိုင်းပေးလျှက်ရှိကြောင်း လည်းသိရှိရသည်။

Photo: Surbung Airport (Global New Light Of Myanmar)