Input your search keywords and press Enter.

ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းအတွက် ဘတ်ဂျက်အကုန်မကျသေးသဖြင့် ငွေမရှင်းနိုင်မှုများအတွက် ကုမ္ပဏီများအနေဖြင့် စောင့်ဆိုင်းပေးစေလိုကြောင်း ဦးစိုးထက်မှပြော


Salai Benezer

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင်တည်ဆောက်နေသည့် ဆူရ်ဘုန်လေယျာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းအတွက် ဘတ်ဂျက်အကုန်မကျသေးသဖြင့် ငွေမရှင်းနိုင်မှုများအတွက် ကုမ္ပဏီများအနေဖြင့် စောင့်ဆိုင်းပေးစေလိုကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြိးဦးစိုးထက်မှ ပြောသည်။

“ပြောရရင်တော့ လေယဉ်ကွင်းက ၅၃ရာခိုင်နှုန်းကျော်လောက် ပြီးနေပြီပေါ့၊ ရတဲ့ဘတ်ဂျက်က အဲလောက်မရသေးဘူး၊ ဒေသခံကုမ္ပဏီတွေက နည်းနည်းတော့ စောင့်ပေးရမယ့်သဘောရှိတယ်၊ မိုးမကျခင်မြန်မြန်ပြီးအောင် လေကြောင်းဦးစီးဌာနက စက်ကြီးတွေများများခေါ်လိုက်တယ်၊ ဆီတွေကိုလည်း အကြွေးနဲ့ယူတယ်၊ ဘိလပ်မြေကိုလည်း အကြွေးနဲ့ယူပြီး ဒီစီမံကိန်းအောင်မြင်အောင် အားထည့်ပြီးလုပ်တယ်၊ ကုမ္ပဏီတွေဘက်ကတော့ နည်းနည်းစောင့်ပေးဖို့ ကျနော်ပြောချင်တယ်၊ ဘာလို့လဲဆိုရင် ဘတ်ဂျက်က ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ထဲမှာ ထည့်ထားတာကြောင့် အောက်တိုဘာ ကျမှ အဲဒီဘတ်ဂျက်က သုံးလို့ရမယ်၊ အဲဒီမှာ ၄ဘီလီယံထည့်ထားတယ်၊ RE အနေနဲ့က ၂ဘီလီယံထုတ်ထားတယ်၊ ဒါပေမယ့် ခုလက်ရှိကုန်ပြီးသားဟာက အဲဒီထက်အများကြီးကျော်နေတယ်”ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ယခုတည်ဆောက်နေသည့် ဆူရ်ဘုန်လေယျာဉ်ကွင်းတည်ဆောက်ရေး တစ်ခုလုံးအတွက် ကုန်ကျမည့်ငွေမှာ ကျပ်ငွေ ၂၅ဘီလီယမ် ဖြစ်ပြီး အားလုံးထုတ်ရန်မှာ မဖြစ်နိုင်သဖြင့် ဘတ်ဂျက်နှစ်အလိုက် အပိုင်းလိုက်သာထုတ်နေရသဖြင့် မြန်မြန်ပြီးနိုင်ရန် ကြိုတင်စိုက်ငွေဖြင့် တည်ဆောက်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးစည်မံကိန်းအတွက် စက်ကြီးဌားရမ်းပေးထားသူတစ်ဦးမှ”ငွေကြေးသုံးဆွဲမှုမှာ ကျနော်တို့ဆိုရင် ပိုက်ဆံလုံးဝမရတာ ခြောက်လရှိပြီ၊ အခုကဘယ်ချိန်ရမယ်မှန်းလည်း မသိဘဲနဲ့လုပ်နေရတယ်ပေါ့၊ ငွေထုတ်ထားပြီးပြီလို့လည်း ကျနော်တို့ကြားတယ်၊ ပြီးတော့ ငွေကိုင်တဲ့သူက ဌာနဆိုင်ရာက မဟုတ်ဘဲနဲ့ ညွှန်မှူးတစ်ယောက်ရဲ့ လူယုံလို့သိရတယ်၊ ဖြစ်နိုင်ရင်တော့ နိုင်ငံတော်စီမံကိန်းဖြစ်တဲ့အတွက် အဲလိုမျိုးပိုင်းမှာ ဌာနဆိုင်ရာက ကိုင်စေချင်တယ်၊ ပြီးတော့ အန္တရာယ်ကင်းမှုအပိုင်းမှာလည်း သိပ်မရှိဘူးလို့မြင်တယ်၊ စက်ကြီးတွေဆို အားလုံးမှန်ကွဲတယ်၊ ကျနော့်စက်ကြီးလည်းကွဲတယ်၊ စက်ကြီးမှန်ကွဲတာ ပြန်ပြင်လို့ရပေမယ့် လူတွေထိခိုက်လာရင် စိုးရိမ်စရာရှိတယ်၊ အဲဒီအပိုင်းမှာလည်း ဂရုစိုက်စေချင်ပါတယ်”ဟုပြောသည်။

ဆူရ်ဘုန်လေယျာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်ပြီးစီးရန်​ ရည်ရွယ်ခဲ့သော်လည်း ၂၀၂၀ခုနှစ်တွင် ပြီးစီးနိုင်ရန် အင်အားအလုံးအရင်းဖြင့် တည်ဆောက်နေကြောင်းသိရသည်။

ဆူရ်ဘုန်လေဆိပ်သည် ပင်လယ် ​ရေမျက်နှာပြင်အထက် ပေ၆၀၀၀ အထက်တွင်တည်ရှိပြီး ပြီးစီးပါက လေယာဉ်ပြေးလမ်းအရှည် ပေ၆၀၀၀၊ အကျယ် ပေ၁၀၀ ရှိမည်ဖြစ်ပြီး ART-72 လေယာဉ်အမျိုးအစား ဆင်းသတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။