Input your search keywords and press Enter.

မင်းတပ်မြို့တွင်တောင်ယာသွားရန် ဓားပလိုင်းပေါ်တင် ကိုင်ဆောင်သူငါးဦး ဖမ်းစီးခံရပြီး တရားရုံးဆုံးဖြက်ချက်အတိုင်း အရေးယူမည်ဟုဆို

Salai Khup Khup

မင်းတပ်မြို့ အရှေ့ပြင်စုပေါင်းဂိတ်တွင် ၁၃ရက်နေ့က ဓားပလိုင်းကိုပေါ်တင် ကိုင်ဆောင်ထားသူငါးဦးကို ဖမ်းဆီးခဲ့ပြီး တရားရုံး၏ ဆုံးဖြက်ချက်အတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းတပ်မြို့နယ် ခရိုင်ရဲမှူးကြီး ဦးရဲလွင်ဦးကပြောသည်။

ခရိုင်ရဲမှူးကြီး ဦးရဲလွင်ဦးက “တောင်ယာသွားရင်လည်း လွယ်လင့်တကူ ပေါ်တင် ယူဆောင်မသွားရဘူးလို့ ပြောထားပြီးသားဘဲ တောင်ယာသွားမယ်ဆိုရင်လည်း သူတို့သွားတဲ့နေရာမှာ ဖွက်ပြီးမှယူသွားလေ ဒါဆိုရင် လွယ်လင့်တကူမဖြစ်သလို အများပြည်သူ စိုးရိမ်ကြောက်လန့်ဖွယ် မဖြစ်တော့ဘူး။ ဒီဒူးလေး၊တူမီးသေနက် ကိုင်သွားလို့ ဓားပလိုင်းတွေကိုင်ဆောင်ပြီးသွားရင် အများပြည်သူလည်း လုံခြုံရေးကို စိုးရိမ်ထိတ်လန့်တဲ့ဘဝမှာ ရောက်နေတယ် ဒီမင်းတပ်မြို့နယ်မှာက အဲဒီလိုဖြစ်တဲ့အတွက် ပညာပေးဆွေးနွေးတယ် ပိုစတာတွေချိတ်ပြီးမှလည်း ပညာပေးဆွေးနွေးမှုတွေ လုပ်ခဲ့တယ် စည်းရုံးမှုတွေလုပ်ခဲ့တယ် အဲဒါပြီးမှ အကောင်ထည်ဖော်ဆောင်ရွက်တာ ဖြစ်တယ်။ စည်ပင်ဧရိယာမှာ ဓားပလိုင်း ကိုင်ဆောင်တဲ့ လူငါးဦးကိုတော့ တရားရုံးရဲ့အဆုံးအဖြတ်ကို ခံယူပြီးတော့ အရေးယူသွားမှာဖြစ်တယ်” ဟုပြောသည်။

မင်းတပ်မြို့နယ်အတွင်း ဓားပလိုင်း၊ တူမီးသေနက်၊လေး၊မြှား တို့ကို ထွေအုပ်ရုံးမှ စည်ပင်ဧရိယာအတွင်း မကိုင်ဆောင်ရန် တရားဝင်အမိန့်ထုတ်ပြန်ခဲ့ပြီး တရားဝင်ထုတ်ပြန်ချက် ကြေညာချက်တွေကို အမိန့်ထုတ်ပြန်ရန် တစ်နှစ်နီးပါး မင်းတပ်မြို့နယ်အတွင်း ပညာပေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး နောက်ဆုံး ပြည်နယ်အစိုးရ တရားလွှတ်တော်ချုပ်ရုံး၏ အကြံပြုချက် ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းခရိုင်ရဲမှူးကြီး ဦးရဲလွန်ဦးကပြောသည်။
တောင်ယာသွားရန် လိုအပ်သော ဓားပလိုင်းကို လွယ်သွားခြင်းကို အရေးယူ ဆောင်ရွက်ခြင်းမှာ ဒေသန္တရဥပဒေကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး ပြည်သူကို သက်သက်မဲ့ ဒုက္ခပေးခြင်းဖြစ်ကြောင်း မင်းတပ်အရပ်ဖက်လူမှုအဖွဲ့စည်းမှ ဆလိုင်းမာန်အွမ်ကပြောသည်။

မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးဆောင်သူ ဆလိုင်းမာန်အွမ်က “ဓားပလိုင်းလွယ်တာ ပြစ်မှုကျူးလွန်တာမဟုတ်ဘူး သူဘာလုပ်နေလဲဆိုတာက အပေါ်မှာသာ ပြစ်မှုကို ဖော်ပြပြီး အရေးယူရမှာလေ။ ဒေသန္တရဥပဒေကိုမှ နည်းဥပဒေ ပြန်ထုတ်ရမှာလား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း ပြန်ပြီးတော့ ဖော်ပြရေးသားရမှာလားတော့ ပြန်ပြီးမေးစရာ ဖြစ်နေတယ်။ ဓားပလိုင်းလွယ်ပြီး တောင်ယာသွားမဲ့ ပုံစံဖြစ်နေလား မဖြစ်နေဘူးလား ဆိုတာတောင်မှ ရဲတစ်ယောက်အနေနဲ့ ခွဲခြားသိမြင်နိုင်စွမ်းမရှိဘူးလား တောင်ပြန်မေးစရာဖြစ်နေတယ်။ ချွင်းချက် အနေနဲ့ သာရေးနာရေးကိစ္စ၊ ရိုးရာပွဲတွေလိုဟာမျိုး၊ အသက်မွေးဝမ်းကျောင်း ကိစ္စတွေလိုဟာမျိုး ဓားပလိုင်းတွေကို အသုံးပြုရမယ် ချွင်းချက်အနေနဲ့ မဖမ်းပါဘူးဆိုတာ အကြိမ်ကြိမ် သဘောတူဆွေးနွေးပြီးသား ဖြစ်သွားတဲ့ကိစ္စက သက်သက်မဲ့ ဥပဒေကို အသုံးပြုပြီး မိုက်ရိုင်းတာလို့မြင်တယ်”ဟုပြောသည်။

မင်းတပ်မြို့ထဲတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေးအတွက် စည်ပင်ဧရိယာနယ်နိမိတ်အတွင်း ဓား၊ လုံ၊ လေး၊မြှား၊ တူမီးသေနက် ကိုင်ဆောင်ခွင့်ကို ၂၀၁၉ ဇန်နဝါရီလ(၃)ရက်နေ့စပြီး ပိတ်ပင်ထားခြင်းဖြစ်သည်။