Input your search keywords and press Enter.

မတူပီခရိုင်ရုံးဆောက်မည့်နေရာကို ဖနိုင် ရွာနဲ့​ငလိုင်ရွာဘက်တွင်ဆောက်ရန် အတည်ပြုလိုက်ပြီး ဘတ်ဂျက်ရပြီးသော်လည်း မတည်ဆောက်နိုင်သေးသဖြင့် ရုံးနှစ်ရုံးဆောက်ရန် ဘတ်ဂျက်ပြန်အပ်ခဲ့ရဟုဆို

Salai Benezer

ချင်းပြည်နယ် မတူပီခရိုင် ခရိုင်ရုံးတည်ဆောက်မည့်နေရာကို ဖနိုင်နဲ့​ငလိုင်ဘက်တွင်ဆောက်ရန် အတည်ပြုလိုက်ပြီး ဘတ်ဂျက်ရပြီးသော်လည်း မတည်ဆောက်နိုင်သေးသဖြင့် ရုံးနှစ်ရုံးတည်ဆောက်ရန် ဘတ်ဂျက် ပြန်အပ်ခဲ့ရကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

“ကျွန်တော်တို့ ဖနိုင်နဲ့င​လိုင်ဘက်ကို ရွေးထားပြီးပါပြီ၊ ခရိုင်ရုံးဆောက်မယ့် အိမ်ယာရယ် ထွေအုပ်ရုံးရယ် ကျပ် ၁.၇ဘီလီယမ် ကုန်ကျဖို့ ကျနော်တို့ တင်ဒါခေါ်ထားပြီးပါပြီ၊ တင်ဒါက ဒီလ ၁၀ရက်နေ့မှာပိတ်ပြီးတော့ ၂၀ရက်နေ့ဖွင့်မယ်၊ ဌာနဆိုင်ရာရုံးတွေဆောက်ဖို့ အားလုံးပေါင်း ၆၀လောက်ရှိမယ်၊ ဘတ်ဂျက်ရတဲ့အပေါ်တစ်ဖြည်းဖြည်းဆောက်သွားမှာပါ၊ ခရိုင်ရုံးကိုတစ်စုတစ်စည်းထဲရှိဖို့အတွက် ကျနော်တို့ မြေဧက ၁၈၀ကို ကျနော်တို့ရွေးထားတာဖြစ်တယ်၊ အဲဒီမှာဆောက်ခြင်းအားဖြင့် နောင်နှစ်ပေါင်းများစွာကျရင် မတူပီမြို့က ကျယ်ဝန်းတဲ့မြို့တစ်မြို့ဖြစ်သွားမယ်၊ ဖနိုင်​ ငလိုင်တို့လည်း ရပ်ကွက်တွေအနေနဲ့ဖြစ်သွားမယ်၊ တစ်ကယ်တမ်းက တင်ဒါက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စရမှာ၊ ဒါပေမယ့် ဆန္ဒပြတာတစ်ချို့ရှိတာကြောင့် ရပ်ဆိုင်းထားရတော့ လက်ရှိကျန်တဲ့ တင်ဒါကာလက ၄လဘဲကျန်တော့တယ်၊ ခုမှမဆောက်ရင် ဘတ်ဂျက်ရထားတာတွေပြန်အပ်ရမယ်၊ ဘတ်ဂျက်ရပြီးသားပေမယ့် မဆောက်နိုင်သေးလို့ ဆောက်လုပ်ရေးရုံးနဲ့ ရဲစခန်း ဆောက်ဖို့ဆိုရင် ပြန်အပ်လိုက်ရတယ်”ဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန်မှာ ဆန္ဒပြမှုများရှိခဲ့သဖြင့် ရပ်ဆိုင်းထားရမှုကြောင့် ဆောက်လုပ်ရန်ကာလမှာ လေးလသာကျန်တော့ပြီး ပုဂ္ဂလိဂကုမ္ပဏီများမှတာဝန်ယူတည်ဆောက်ပါက ပြီးစီးနိုင်ရန် မဖြစ်နိုင်သဖြင့် ဆောက်လုပ်ရေးဌာနမှ တာဝန်ယူတည်ဆောက်ပါက အဆင်ပြေနိုင် မပြေနိုင်ဆွေးနွေးနေကြောင်း သိရသည်။

မတူပီခရိုင်ရုံးများကို ဖနိုင်နှင့်ငလိုင်ကြား ဆောက်မည်ကို ကန့်ကွက်သည့်အဖွဲ့ထဲတွင်ပါဝင်သူ “ဒုသမ္မတလာတုန်းက ကျနော်တို့ကိုခေါ်တယ်၊ အဲဒီမှာ သူတို့ပြောတာက အိုးအိမ်ကသတ်မှတ်တဲ့အတိုင်း သူတို့လုပ်တာဖြစ်တယ်လို့်ပြောတယ်၊ ဒါပေမယ့်အိုးအိမ်ကထုတ်ပြန်တဲ့အထဲမှာ မြေခိုင်မာမှုရှိတယ်လို့ ပါတယ်၊ မြေပြိုနိုင်တယ်လို့မရေးထားဘူး၊ အဲဒါကြောင့် ကျနော်တို့ကတော့ ဆက်ပြီးတော့ကန့်ကွက်မယ်၊ သူတို့ဆက်လုပ်မယ်ဆိုရင်လည်း တစ်လတစ်ခါ ကန့်ကွက်ဆန္ဒပြမှုတွေလုပ်သွားမယ်”ဟုပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စနှင့်ပါတ်သတ်ပြီး မြို့ခံလူထုအကြားတွင် ကွဲလွဲမှုများရှိပြီး အစိုးရဆုံးရွေးချယ်ထားသည့်နေရာတွင် တည်ဆောက်ရန် သဘောတူသည့်အဖွဲ့နှင့် သဘောမတူသည့်အဖွဲ့နှစ်ဖွဲ့မှ အပြန်အလှန်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

မတူပီခရိုင်ရုံးဆောက်မည့်နေရာကို ဖနိုင်နှင့်ငလိုင်ကြားတွင်ဆောက်ရန် ထောက်ခံသူတစ်ဦးဖြစ်သူ ဦးလွန်ထန်းမှ “အစိုးရကနေ ခရိုင်ပေးပြီးကတည်းက ကျနော်တို့ကကျေးဇူးတင်ဖို့ဖြစ်တယ်၊ ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေက ဖြစ်စေချင်တဲ့ဆန္ဒအပေါ်မှာ ဆန္ဒဖော်ထုတ်တာတွေရှိတော့ လူကြီးတွေက စိတ်မကောင်းဖြစ်ကြတယ်ပေါ့၊ အခုကတော့ ဖနိုင်နဲ့ငလိုင်ကြားမှာ နေရာသတ်မှတ်လိုက်တော့ ကျနော်တို့တော့ ကျေနပ်တယ်၊ အဲဒီနေရာက နေရာလည်းကောင်းတယ်၊ ရည်ရှည်တည်တံ့ခိုင်မြဲဖို့အတွက် သူတို့ကစဉ်းစားပြီးလုပ်တာဖြစ်တယ်”ဟု သူ၏အမြင်ကိုပြောသည်။

Photo: Travelling PAX