Input your search keywords and press Enter.

မင်းတပ်မြို့ပြည်သူများ၏ လက်မှတ်ပေါင်း (၄၁၇)ခုဖြင့် တောင်းဆိုချက်(၄)ခုကို ဒုသမ္မတထံတောင်းဆို

Salai Khup Khup

မင်းတပ်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူထံ မင်းတပ်မြို့ပြည်သူ လူထုများ၏ လက်မှတ်ပေါင်း ၄၁၇ ခုဖြင့် တောင်းဆိုချက် (၄)ခုကို လေးလေးနက်နက် တောင်းဆိုတင်ပြစာ ပေးခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုချက်လေးခုတွင် မြို့တွင်းလမ်းတာချဲ့လုပ်ငန်း အမြန်ဆုံးပြန်လည် အကောင်ထည်ဖော်ပေးရန်နှင့် လိုအပ်သော ဘတ်ဂျက်များ ချထားပေးရန်၊ လျှပ်စစ်ရုံးဆိုင်ရာဘတ်ဂျက် ၃၀၆ သန်းနှင့် စိုက်ပျိုးရေးရုံးဆိုင်ရာ ဘတ်ဂျက် ၂၅၃၀၅၆သန်းတို့နှင့် စပ်လျဉ်းပြီး ဘတ်ဂျက်ခေါင်းစဉ်မပြောင်းပဲ မှုလတင်ဒါခေါ်ယူသည့်အတိုင်း ဘတ်ဂျက်အသုံးပြုခွင့်ကို ပြန်လည်ခွင့်ပြုပေးရန်၊ ချင်းပြည်နယ်အစိုးရအတွင်း ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု များအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် ၁/၂၀၁၇ လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများအား လိုက်နာမှုမရှိသော အစိုးရ၊ ဌာနနှင့်ကုမ္မဏီများအား ထိရောက်စွာ အရေးယူပေးရန် တို့ကိုတောင်းဆိုခဲ့ကြသည်။

မင်းတပ်အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “ဒီအချက်လေးချက်ကို လုပ်ပေးဖို့တောင်းဆိုတယ် လုပ်ပေးမယ်လို့လည်း မျော်လင့်တယ်။ နိုင်ငံတော် ဒုသမ္မတကြီးအနေနဲ့ ဒီဟာလေးတွေကို လုပ်ပေးဖို့ လူထုရဲ့လက်မှတ် (၄၁၇)ခုနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံတော် ဒုသမ္မတသည် ယနေ့မင်းတပ်မြို့တွင်ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် မတူပီမြို့ကိုဆက်လက်သွားမည်ဖြစ်သည်။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကန်ပလက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ ထန်တလန် မြို့ငါးမြို့ကို သွားရောက်မည်ဖြစ်ကြောင်းသိရသည်။