Input your search keywords and press Enter.

ဟားခါးမြို့ ရေးပေးဝေရေးအတွက် စနစ်တကျဆောင်ရွက်မှုမရှိသည့် ကုမ္ပဏီနှစ်ခုကို စစ်ဆေးနေပြီး စီမံကိန်းပြီးစီးနိုင်ရန် အချိန်ယူရဦးမည်ဟုဆို

Salai Benezer

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ ရေလုံလုံလောက်လောက်ရရှိဖို့အတွက် သီမြစ် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ရာတွင် မြို့တွင်းရေဖြန့်ဝေရေးအတွက် ဆောင်ရွက်သည့် ကုမ္ပဏီနှစ်ခုမှ စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ မပြီးစီးနိုင်သည့်အတွက် အစိုးရမှ စစ်ဆေးမှုများလုပ်ဆောင်နေပြီး စီမံကိန်းပြီးစီးရန် အချိန်ယူရဦးမယ်လို့ဆိုပါတယ်။

“ချင်းပြည်နယ် မြို့တော်ဖြစ်တဲ့ ဟားခါးဆိုရင် အရင်အစိုးလက်ထက်ကတည်းကနေ ပိုက်ဆံမြောက်မြားစွာ အကုန်အကျခံပြီးတော့ သီမြစ်ရေကို ပိတ်ပြီးတော့ ရေပေးဝေရေးလုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တယ်၊ လက်ရှိအချိန်ထိတော့ တောင်ထိပ်ထိတော့ တင်လို့ရတယ်ပေါ့နော်၊ တစ်ရက်ကို ဂါလံကိုးသိန်းလောက်တင်နိုင်တယ်၊ အဲဒီတောင်ထိပ်ရေကန်တွေကနေ မြို့တွင်းကို ဖြန့်ဖို့ ကုမ္ပဏီနှစ်ခုကနေတာဝန်ယူပေမယ့် နည်းစနစ်မမှန်ဘဲနဲ့ ဘလိုင်းကြီးလုပ်တဲ့အခါကျတော့ နှစ်နှစ်လောက်က အလဟာသဖြစ်သွားတယ်၊ အခုလက်ရှိမှာလည်း အစိုးရကနေ စားရင်းစစ်ကိုလည်း စစ်ခိုင်းတာပေါ့၊ ပြီးတော့ ဌာနခြောက်ခုလောက်ပေါင်းထားတဲ့ အင်ဂျင်နီယာအဖွဲ့တွေကလည်းစစ်နေတယ်၊ အဲဒီကနေအဖြေထွက်ရင် ဘယ်လိုအရေးယူမလဲဆိုတာတော့ မသိသေးဘူးခင်ဗျ” ဟု ချင်းပြည်နယ် စည်ပင်ပြည်နယ်မှူး ဆလိုင်းလွှန်ဆ၀ှန်မှ ပြောသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုဟာ KMDL နှင့် မိုးကုတ်ရွှေရည်ဆိုတဲ့ ပြည်မကုမ္ပဏီနှစ်ခုဖြစ်ပြီး စနစ်တကျလုပ်ဆောင်မှုမရှိတဲ့ ကုမ္ပဏီနှစ်ခုကို စစ်ဆေးပြီးရင် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ စိတ်ချမှုမရှိတော့တဲ့အတွက် ၄င်းကုမ္ပဏီနှစ်ခုကို ဆက်လက်လုပ်ကိုင်စေမှာ မဟုတ်တော့ဘူးလို့ သိရသည်။

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်တွင်နေထိုင်သူ ဆလိုင်းထောင်ပီးမှ “ရေကတအားရှားတယ်၊ ရပ်ကွက်တော်တော်များများက ရေကမရကြဘူး၊ ပြီးတော့ တီမြစ်ရေကလည်း မြို့တွင်ဖြန့်တဲ့ဟာကမဖြန့်နိုင်သေးတော့ စည်ပင်အနေနဲ့ ရေပေးနိုင်ခြင်းကမရှိဘူး၊ အဲဒီတော့ ကိုယ်ထူကိုယ်ထအနေနဲ့ ၀ယ်ရတယ်၊ တစ်ချို့က ရေတွင်းလေးတွေ စိမ့်တဲ့နေရာတွေမှာ ညတို့မနက်တို့မှာ သွားသွားခပ်ရတယ်ပေါ့နော်၊ အဲဒီတော့ ၀န်ထမ်းတွေအတွက် အလုပ်လုပ်တဲ့သူတွေအတွက်ဆိုရင် တော်တော်ခက်တယ်၊ ရေ၀ယ်မယ်ဆိုလည်း လီတာနှစ်ထောင်ဆန့်တဲ့ ကားတစ်စီးစာကို နှစ်သောင်းလောက်ပေးရတယ်၊ အဲဒီအခါကျတော့ ကျနော်တို့က ရေကိုချွေချွေတာတာသုံးရတဲ့အခါကျတော့ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်းမှာလည်း အားနည်းလာတယ်၊ စည်ပင်ကနေ ရေလှောင်ကန်တွေဆီရေရောက်ပေမယ့် မြို့တွင်းကို မဖြန့်နိုင်တော့ ရေလှောင်ကန်တွေမှာ ရေရောင်းပေးတယ်၊ ငါးဂါလန်ဆန့်တဲ့ပုံးတစ်ပုံးကို ၂၀၀ဆိုပြီးရောင်းတယ်၊ အများစုက ကားနဲ့ရောင်းတာကျတော့ လှောင်ဖို့ရေကန်တွေမရှိတော့ ပုံးနဲ့ရောင်းတာတွေဘဲဝယ်ကြတယ်၊ ရေကတော်တော်ရှားပါတယ်၊ ရေရဖို့လုပ်ရတာ အလုပ်တစ်ခုလိုဖြစ်သွားတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ဟားခါးမြို့လူဦးရေမှာ နှစ်သောင်းခွဲခန့်နေထိုင်ပြီး ယခုလက်ရှိလုပ်ဆောင်နေသည့် သီမြစ် မြစ်ရေတင်စီမံကိန်းပြီးစီးသွားပါက ဟားခါးမြို့တစ်မြို့လုံးကို ရေလုံလုံလောက်လောက် ဖြန့်ဝေနိုင်မယ်လို့သိရသည်။

ပြည်နယ်စည်ပင်မှူး ဆလိုင်းလွှန်ဆ၀ှန်မှ“ကျနော်တို့အနေနဲ့ကတော့ ကုမ္ပဏီနှစ်ခုကနေလုပ်တာ နှစ်နှစ်ရှိတယ်၊ နည်းစနစ်မကျဘဲနဲ့ လွဲချော်မှုတွေရှိတယ်၊ ငွေကျပ်သုံးဘီလီယမ်ဆိုတော့ ကျပ်သိန်းပေါင်းသုံးသောင်းလောက်ရှိတယ်လေ၊ အဲဒီလုပ်တဲ့ဟာလွဲချော်မှုရှိတဲ့အခါကျတော့ အသစ်ပြန်လုပ်တာကပိုလွယ်တယ်၊ နစ်မကျတဲ့ဟာ ပြန်ပြင်ဖို့ကျတော့ အချိန်တော်တော်လိုတယ်ဆိုတော့လေ လောလောဆယ်တော့ ပြည်သူဘက်က နားလည်ပေးပြီးတော့ အစိုးရဘက်က စစ်ဆေးမှုပြီးသွားလို့ရှိရင် အကောင်းဆုံးဖြစ်အောင် စည်ပင်ဘက်ကနေပြီးတော့ ပြည်သူလက်ထဲကိုရောက်နိုင်အောင်ပေါ့နော၊ နည်းလမ်းပေါင်းစုံနဲ့ စည်ပင်ဘက်ကနေ ဆောင်ရွက်နေပါတယ်၊ ကျနော်တို့စည်ပင်ကို မြို့တွင်းဖြန့်ဝေဖို့ ပြန်ကိုင်ခိုင်းရင်လည်း တစ်နှစ်လောက်တော့ကြာဦးမယ်၊ အဲဒီမတိုင်ခင်တော့ ပြည်သူဘက်ကနေ သည်းခံပြီးတော့ အခြေအနေကို နားလည်ပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်”ဟုပြောသည်။

ချင်းပြည်နယ် မြို့တော်ဖြစ်သည့် ဟားခါးမြို့တွင် ရပ်ကွက်ကြီး ခုနှစ်ခုရှိပြီး စည်ပင်မှ ရေလုံလုံလောက်လောက် မဖြန့်ဖြူးနိုင်သည့်အတွက် မိုးရွာသည့်အချိန်များတွင်သာ ရေလုံလောက်မှုရှိပြီး ကျန်သည့်အချိန်များတွင် ရေရှားပါးမှုဒဏ်ကို တစ်မြို့လုံးနီးပါး ခံစားနေရကြောင်း သိရသည်။