Input your search keywords and press Enter.

ချင်းပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအရ ရေပေးဝေနိုင်မှုပမာဏ ၄၀ရာခိုင်နှုန်းသာရှိပြီး သစ်ပင်ခုတ်မှုများကြောင့် ရေအရင်းမြစ်များဆုံးရှုံးနေရဟုဆို

Salai Benezer

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ရေပေးဝေနိုင်မှုပမာဏ ၄၀ရာခိုင်နှုန်းသာရှိပြီး ရေအရင်းအမြစ်များဖြစ်သည့် သစ်ပင်များ စည်းကမ်းမဲ့စွာ ခုတ်ထွင်မှုကြောင့် ရေအရင်းအမြစ်များ ဆုံးရှုံးနေရကြောင်း ချင်းပြည်နယ် စည်ပင်ပြည်နယ်မှူး ထံမှ သိရသည်။

“ကျွန်တော်တို့ချင်းတောင်မှာ ရေထွက်တဲ့နေရာနားက အပင်တွေ အကုန်ခုတ်ကြတဲ့အခါကျတော့ တစ်နှစ်ပြီးတစ်နှစ်ရေကခမ်းလာတယ်၊ အဓိကတော့ သစ်ခွပန်းတွေယူဖို့ သစ်ပင်အကြီးကြီးတွေ ခုတ်နေကြတော့ တစ်ဖြည်းဖြည်းရေကခမ်းလာတယ်ပေါ့၊ အဲဒါကြောင့် ကျနော်တို့ချင်းပြည်နယ်က ရေးရှားပါးမှု တစ်ဖြည်းဖြည်းဆိုလာတယ်၊ ရေကတော့ တစ်နှစ်ပြီး တစ်နှစ်ခမ်းလာတယ်၊ အဲဒါကို ကျနော်တို့ စည်ပင်အနေနဲ့ ခွဲတမ်းစနစ်နဲ့ အတက်နိုင်ဆုံးပေးဖို့ ပြည်နယ်အနေနဲ့ မြို့နယ်တွေကို ညွှန်ကြားထားပါတယ်”ဟု ချင်းပြည်နယ် စည်ပင် ပြည်နယ်မှူး ဆလိုင်းလွှန်ဆ၀ှန်မှ ပြောသည်။

ချင်းပြည်နယ်၏ အဓိကရေအရင်းအမြစ်များမှာ သဘာဝအလျောက်စီးဆင်းသည့် စမ်းချောင်းများမှဖြစ်ပြီး အဆိုပါစမ်းချောင်းဘေးမှ သစ်ပင်ကြီးများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်လာမှုကြောင့် စမ်းချောင်းများ ခမ်းခြောက်လာကာ ရေအရေးအမြစ်များ တစ်ဖြည်းဖြည်း ဆုံးရှုံးလာရကြောင်း သိရသည်။

ချင်းပြည်နယ် စည်ပင် ပြည်နယ်မှူး ဆလိုင်းလွှန်ဆ၀ှန်မှ “အခုလောလောဆယ် ရေလွှမ်းခြုံမှုက ချင်းပြည်နယ်အားလုံးအတွက်ဆိုရင် ပြည်သူလူထုရဲ့ လိုအပ်ချက်အပေါ်မှာ နွေရာသီမှာဆိုရင် ၁၀၀မှာ ၄၀ရာခိုင်နှုန်းလောက် ရေပေးဝေရေးလုပ်နိုင်တယ်၊ အခုက JAIKA နဲ့ပေါင်းပြီးတော့ ၂၀၃၀မှာ ၁၀၀ရာခိုင်နှုန်း လူတိုင်းလူတိုင်း ရေရရှိနိုင်ဖို့ လုပ်နေပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ် မြို့တော်ဖြစ်သည့် ဟားခါးမြို့ရေပေးဝေရေးအတွက် သီမြစ် မြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်နေပြီး အဆိုပါစီမံကိန်းပြီးစီးသွားပါက ဟားခါးမြို့ တစ်မြို့လုံး ရေလုံလုံလောက်လောက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖလမ်းမြို့တွင်လည်း လိုင်ဗားဆည်မှ ရေသွယ်ယူနိုင်ရန်ဆောင်ရွက်နေပြီး ၂၀၂၀ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကာ ဖလမ်းမြို့ကိုလည်း ရေလုံလုံလောက်လောက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် တစ်ခြားမြို့များကိုလည်း တစ်မြို့ပြီးတစ်မြို့ ရေလုံလုံလောက်လောက်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်မှူး ဆလိုင်းလွှန်ဆ၀ှန်မှ ပြောသည်။

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ရေလုံလုံလောက်လောက်မရရှိမှုကြောင့် နွေရာသီတွင် မြို့နယ်အသီးသီးနှင့် ကျေးရွာများတွင် ပြည်သူများအနေဖြင့် ရေမလုံလောက်မှု ပြသနာ ရင်ဆိုင်နေရကြောင်းသိရသည်။