Input your search keywords and press Enter.

တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာနား ဟိုတယ်တည်ဆောက်မည့်ကိစ္စ ချင်းပြည်နယ်အစိုးရမသိဟုဆို

 

တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွားအနီး ပြည်မကုမ္ပဏီနှစ်ခုမှ ဟိုတယ်တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် သိရှိခြင်းမရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။

လူမှုရေးဝန်ကြီးဦးပေါင်လွင်မင်းထန်က “ကျွန်တော်ကတော့မသိဘူး။ လျှောက်ထားတယ်တယ်ဆိုတာတော့ကြားဖူးတယ်။ ဟိုတယ်ဆောက်ဖို့ပေါ့။ မြေကတော့ ပြည်နယ်နဲ့ဆိုင်တယ်။ အဲနေရာရရှိရေးကတော့ ပြည်ထောင်စုနဲ့ဆိုင်တယ်။ အဲဟာက ကက်ဘိနက်မှာလည်း မရောက်လာသေးဘူး။ လျှောက်ထားတဲ့ အဆင့်ဖြစ်မယ်ထင်တယ်”  ဟုပြောသည်။

“အခုပြဿနာဖြစ်​​နေတဲ့​မြေကွက်​ဟာ တင်​ဝင်းထွန်းကုမ္ပဏီက ၂၀၁၂ က​နေ စပြီး ဇိုဇန်​ ​ကျေးရွာ နှင့်​ ဆိုဇန်​ ​ကျေးရွာ ကြား ရွာချင်းဆက်​ လမ်း​ဖောက်​ချိန်​ကာလအတွင်း စက်​သုံးဆီသို​လှောင်​ရန်​နှင့်​ စက်​ယန္တရားများထားရှိဖို့အတွက်​ ယာယီ အသုံးပြုခွင့်​ ​တောင်း ခဲ့သည့်​ ​မြေ​နေရာသာဖြစ်​ပါတယ်​။ လမ်း​ဖောက်​လုပ်​မှု ပြီးစီးတဲ့ချိန်​မှာ မစွန့်​လွတ်​ချင်​​တော့ပဲ ပုံစံ ၁၀၅-၁၀၆ တို့ ​လျှောက်​လာတယ်​။
မိမိတို့က ၂၀၁၆ က​နေ ဒီနှစ်​အထိ ဌာနဆိုင်​ရာများသို့ ကန့်​ကွက်​စာ အကြိမ်​ကြိမ်​ တင်ခဲ့ပါ​တယ်​။
ကျွန်​​တော်​တို့ သိရသ​လောက်​က အဲ့သည်​​မြေမှာ ကမ္ဘာ့အဆင့်​မီ ဟိုတယ်​ဇုံကြီးတည်​​ဆောက်​နိုင်​ဖို့ကြိုးစား​နေတယ်​ လို့ပဲ ကြားရပါတယ်​” ဟု ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ဟောင်းလည်းဖြစ်​ လက်​ရှိ ​ကျေးရွာ အုပ်​ချုပ်​​ရေးအဖွဲ့ဝင်​ တာဝန်​ထမ်း​ဆောင်​​နေဆဲ ဖြစ်​တဲ့ သိုင်း​ငင်း​ကျေးရွာ​ မှ ဦးငင့်​နန်​က ​ပြောသည်။

Area Peace and Development Forword ၏ ဒရိုက်​တာ ဦးGS Mang က​ “မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ဆိုတဲ့နေရာမှာ ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်ထဲမှာမပါဘူး။ ပြည်ထောင်စုအစိုးရကပဲချပေးမှာဖြစ်တယ်။ ဟိုတယ်လုပ်ပိုင်ခွင့်လျှောက်တာက ဗဟိုမှာလျှောက်တာ။ ဟိုတယ်ဆောက်ဖို့ကိစ္စကတော့ပြည်နယ်အဆင့်မှာရောက်မှာမဟုတ်သေးဘူး။သူတို့ရည်ရွယ်ချက်ရှိတဲ့သဘောဖြစ်တယ်” ဟုပြောသည်။

သူကဆက်ပြီး “ မြေယာမြေစီမံခန့်ခွဲတဲ့အချိန်မှာ ကုလသမဂ္ဂကြေညာစာတမ်းမှာပါတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတိုင်းလုပ်စေချင်တယ်။ စီမံကိန်းတစ်ခုခုလုပ်တော့မယ်ဆိုရင် ဒေသခံပြည်သူတွေကို အသိသေးလုပ်ဆောင်ပြီးတော့မှ ဒေသခံတွေသဘောတူညီတဲ့အတိုင်းဖြစ်ရပါမယ်။ သက်ဆိုင်ရာကုမ္ပဏီကော၊ အစိုးရကော အဲဒီအတိုင်းလုပ်ရမှာပါ။ သူတို့ဆောက်ဖို့ရည်ရွယ်တဲ့နေရာက သိုင်းငင်းရွာကို အပေါ်စီးကနေမြင်ရမယ့် နေရာဖြစ်တယ်။ ရွာရဲ့ရေ၀ယ်ရေလည်နေရာဖြစ်တယ်။ သစ်ပင်အကြီးကြီးတွေရှိတဲ့နေရာဖြစ်တယ်။ ဘေးနားရွာရဲ့ရာသီဥတုကိုပြောင်းလဲနိုင်မယ့်နေရာဖြစ်တယ်။ လူမှုဒေသအကျိုးဆက်ကို ထိခိုက်စေမယ့်အနေအထားက အာမခံချက်မရှိဘူး” ဟုပြောသည်။

ချင်းပြည်​၊ တီးတိန်​မြို့နယ်​၊ ​ခေါ်ဆ​ကျေးရွာအုပ်​စု၊ သိုင်းငင်း​ကျေးရွာ၏ အ​နောက်​ဘက်​ရှိ ​မြေကွက်​တစ်​​နေရာအား တင်​ဝင်းထွန်း ကုမ္ပဏီနှင့်​ မြတ်​နိုးသူ ကုမ္ပဏီတို့ မှ ​ဒေသခံရွာသားများ ၏ အကြိမ်​ကြိမ်​ ကန့်​ကွက်​​နေသည့်​ ကြား မှ ကမ္ဘာ့အဆင့်​မှီဟိုတယ်​တည်​​ဆောက်​ရန်​ ဟူသည့်​ အ​ကြောင်းပြချက်​ဖြင့်​ ဆက်​လက်​ကြိုးပမ်းလုပ်​​ဆောင်​​နေမှုအ​​ပေါ် ​​ဒေသခံ သိုင်းငင်း​ကျေးရွာလူထုမှ စိုးရိမ်​​နေရ​ခြင်းဖြစ်ကြောင်းသိရသည်။

တီးတိန်​မြို့နယ်​၊ ​ခေါ်ဆ​ကျေးရွာအုပ်​စု၊ သိုင်းငင်း​ကျေးရွာသည်​ အိမ်​​ခြေ ၂၅ အိမ်​ခန့်​ရှိပြီး လူဦး​ရေ ၁၀၀ ​ကျော်​​နေထိုင်​သည့်​ က​လေး- ဖလမ်း -ဟားခါး – တီးတိန်​ – ကျီခါး ဆက်​သွယ်​​သော ပြည်​​ထောင်​စု လမ်းမ​ ဆုံရာတွင်​တည်​ရှိတဲ့ ​ကျေးရွာဖြစ်​ပါသည်​။ ​ကျေးရွာပြည်သူလူထုအများစုမှာ စိုက်​ပျိုး​ရေးလုပ်​ငန်းများ လုပ်​ကိုင်​ပြီး
ခြံထွက်​ စိုက်​ပျိုးသီးနှံများကို ​လက်​လီလက်​ကား​ရောင်းချခြင်း၊
ခရီးသွားလာသူများသည့်​​ဒေသဖြစ်​သည့်​အ​လျောက်​ စား​သောက်​ဆိုင်​ငယ်​များ ဖွင့်​လှစ်​​ရောင်းချ၍ မိသားစုအသက်​​မွေးဝမ်း​ကျောင်း ပြုကြပါသည်​။

အဆိုပါ​မြေ​နေရာကို ​မြေလွတ်​၊ ​မြေလပ်​ နှင့်​ ​မြေရိုင်းများ စီမံခန့်​ခွဲ​ရေး နည်းဥပ​ဒေ ပုဒ်​မ ၁၈ နည်းဥပ​ဒေခွဲ (က) အရ တင်​ဝင်းထွန်း ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ်​ မတ်​လ အတွင်း ​လျှောက်​ထားရယူခြင်း ဖြစ်​​ကြောင်းလည်း သိရှိရပါသည်​။