Input your search keywords and press Enter.

ချင်းပြည်နယ်တွင် ဘာသာစကားမတူညီမှုက ဖွံ့ဖြိုးရေးလုပ်ငန်းကို နှောင့်နှေးစေဟု ဆွီဒင်သံမှူးကြီးပြော

ချင်းပြည်နယ်သို့ နိုဝင်ဘာ ၅ ရက်နေ့မှ ၁၀ရက်နေ့ထိ သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးမှ ချင်းပြည်နယ်တွင် ဘာဝာစကားမတူညီမှုက ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အခက်အခဲတွေ့စေသည့်ဟု နိုင်ဝင်ဘာ ၁၁ ရက် ကလေးမြို့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူး Mr. Johan Hllenborg မှ “ချင်းပြည်နယ်က ဘာသာစကားမတူကြတော့ စည်းလုံးညီညွတ်ရေးအပိုင်းနဲ့ ဖွံ့ဖြိုးရေးလုပ်တဲ့အချိန်မှာ ခက်ခဲမှုရှိတာကိုတွေ့ရတယ် ဒါမျိုးက တစ်ခြားတိုင်းနဲ့ဒေသတွေမှာလည်း တွေ့ရပါတယ်၊ တစ်ခြားဒေသတွေနဲ့မတူတာက ချင်းပြည်နယ်က တောင်တန်းတွေတော်တော်ကြမ်းတယ် စိုက်ပျိုးရေးအတွက် မြေတွေများများစားစားမရှိဘူး၊ အဲတာကြောင့်လည်း ဆင်းရဲနွမ်းပါးမှုအပိုင်းမှာ တစ်ခြားဒေသတွေထက် ပိုပြီးဆင်းရဲတာလို့ထင်ပါတယ်၊ အဲလိုဆင်ရဲနွမ်းပါးမှုကို လျှော့ချဖို့အတွက် ကျေးရွာတွေဘက်မှာ ကော်ဖီတွေနဲ့ ငွေဝင်နိုင်မယ့် သီးနှံတွေကို ပိုစိုက်လာတာတွေ့ရတော့ အကောင်းပိုင်းဖြစ်လာပြီလို့ ယူဆပါတယ်”ဟု ပြောသည်။

ဆွီဒင်နိုင်ငံအနေဖြင့် ချင်းပြည်နယ်တွင် ကျန်းမာရေး၊ ကျား/မ တန်းတူရေး နှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များကို ကူညီထောက်ပံ့ထားပြီး မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကဏ္ဍအစုံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ သန်းသုံးဆယ် ကူညီထောက်ပံ့ပေးနေပြီး နောက်ထပ်ငါးနှစ်အတွက်လည်း ထပ်မံကူညီပေးမည်ဟု သိရသည်။

ဆွီဒင်သံမှူးမှ “ကျွန်တော်တို့ရွာဘက်ကိုသွားတော့ အမျိုးသမီးဦးဆောင်မှုပိုင်းမှာ တော်တော်လေးဖွံ့မျိုးလာတာတွေခဲ့ရတယ်၊ ပြည်နယ်အစိုးရအနေနဲ့ လမ်းပိုင်းတွေ၊ အခြေခံအဆောက်အဦးပိုင်းတွေမှာ တော်တော်လေး လုပ်ထားတာကိုတွေ့ရပါတယ်၊ ဒါပေမယ့် နောက်ထပ်ဆက်လုပ်ဖို့လည်း အများကြီးကျန်နေပါသေးတယ်၊ ကျွန်တော်တို့အနေနဲ့လည်း တက်နိုင်သလောက် ဆက်ပြီးကူညီသွားဖို့အစီအစဉ်ရှိပါတယ်”ဟု ဖြည့်စွက်ပြောခဲ့သည်။

ဆွီဒင်သံမှူးနဲ့အဖွဲ့သည် ယခုခရီးစဉ်တွင် တီးတိန်မြို့၊ ရိခေါဒါရ်မြို့၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့သို့ သွားရောက်ခဲ့ပြီး ၄င်းတို့ ထောက်ပံ့ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး၊ ချင်းပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးလျန်လွယ်၊ လွှတ်တော်ဥက္ကဌဦးဇိုဘွေ တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။