Input your search keywords and press Enter.

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း စိတ်ဝမ်းမကွဲဘဲ စည်းစည်းလုံးလုံးနေကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ကန်ပက်လက်ခရီးစဉ်တွင်ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ကန်ပက်လက်ခရီးစဉ်တွင် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း စိတ်ဝမ်းမကွဲဘဲ ချင်းပြည်နယ်သူ ပြည်နယ်သားများ အားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ရှိကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကန်ပက်လက်ရှိ ကောင်းကင်နန်းတော် ဟိုတယ် ခေါ်နူးစုမ်ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်  ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ချင်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းစိတ်ဝမ်းမကွဲဘဲ ချင်းပြည်နယ်သူ ပြည်နယ်သားများ အားလုံး စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ရှိကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်အစိုးရ အနေဖြင့် ဦးစားပေးအလိုက် စဉ်တိုက်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ချင်းပြည်နယ်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းမခွဲခြားဘဲ ညီညီညွတ်ညွတ်ရှိကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း အလားအလာကောင်းမွန်သည့် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို ပြည်နယ်သူပြည်နယ်သားများက အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် က လမ်း၊ တံတားဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ကျောင်းများ၊ ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် ပစ္စည်းကိရိယာများထောက်ပံ့ဖြည့်ဆည်းမှု၊ လျှပ်စစ်ဓာတ်အားရရှိရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ကို ဦးစားပေး ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်အစိုးရများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ကျင်ဒွေးရွာကို မြို့အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီ မြှင့်တင် ပေးနိုင်တော့မည်ဖြစ်ကြောင်း စသည်တို့ကိုထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကန်ပက်လက်မြို့သို့ အောက်တိုဘာ ၂၆ရက်နေ့ မနက် ၉နာရိ၂၀ခန့်က ရောက်ရှိခဲ့ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများမှ ကြိုဆိုခဲ့ပြီး ယဉ်ကျေးမှု ပြခန်းများ နှင့် ခေါနုစုမ်အမျိုးသားဥယျာဉ်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုတစ်ခေါက် ချင်းပြည်နယ် ကန်ပက်လက် ခရီးစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ပြီးနောက် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သိရပြီး ကန်ပက်လက်မြို့သည် နိုဝင်ဘာ ၃ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေရာလည်းဖြစ်သည်။