Input your search keywords and press Enter.

KIA နှင့် CNF ကြားပတ်သက်မှုမရှိတော့သော်လည်း အဖမ်းခံရသည့် CNA တပ်သားကိစ္စစုံစမ်းသွားမည်ဟု ဆို

အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးကြး ပက်သက်မှုမရှိတော့သော်လည်း KIA တွင် စစ်ပညာသင်ကြားပြီး ထွက်ပြေးလာသည့် CNA တပ်သားနှစ်ဦးကို မြန်မာအစိုးရဖက်က ဖမ်းစီးထားမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေထွေအတွင်းရေးမှုး (၃) ပူးထက်နီကပြောသည်။

ပူးထက်နီက “ ကျွန်တော်တို့စုံစမ်းနေတာဖြစ်တယ်။ ဘယ်လိုလုပ်မလဲပေါ့။ သူတို့ဘာလို့ထွက်ပြေးတာလဲ။ စည်းကမ်းချိုးဖောက်လို့လားပေါ့။  အခုဟာက သူတို့ကိုထွက်ပြေးလာတာလို့ပြောတာဖြစ်တယ်။ တကယ်ပဲထွက်ပြေးလာတာလားဆိုတာကို သွားတွေ့ပြီးစုံစမ်းဖို့တိုင်ပင်နေကြတယ်” ဟုပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ကချင်လွတ်မြောက်ရေးတပ်မတော် စစ်သင်တန်းကနေ ထွက်ပြေးလာသည့် ချင်းအမျိုးသားတပ်ဦးမှ တပ်သားနှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် ဖမ်းစီးထားကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ချင်းအမျိုးသားတပ်ဦးထံ အဆိုပါဖမ်းစီးမှုနှင့်ပတ်သက်ပြီး စာပေးပို့ခဲ့သည်ဟုသိရသည်။

ပူးထက်နီက “ အစိုးရဖက်ကနေ အကြောင်းကြားလာတယ်။ ချင်းအမျိုးသားတပ်မတော်က KIA မှာ စစ်ပညာသင်ကြားတဲ့နှစ်ယောက်ဆိုပြီးပြောတာကိုး။ ချင်းအမျိုးသားတပ်ဦးမှာ အခု စစ်ပညာသင်ကြားတာဘယ်သူမှမရှိဘူး။ ကချင်မှာစစ်ပညာသင်ကြားတယ်ဆိုတာမျိုးမရှိတော့ဘူး” ဟုပြောသည်။

သူကဆက်ပြီး “ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ပတ်သက်မှုကမရှိတော့ဘူး။ ကချင်နဲ့စစ်ပွဲအတူတိုက်တာမျိုးလည်းမရှိတော့ဘူး။ အရင်က ငြိမ်းချမ်းရေးမယူခင်တော့ ပတ်သက်မှုတော့ရှိခဲ့တာပေါ့” ဟုပြောသည်။

ဆယ်တန်းစာမေးပွဲအောင်မြင်ထားသူ အောင်ရန်လင်းနှင့် ဒုတိယနှစ်(ရူပဗေဒ) ကျောင်းသား ဆလိုင်းနိန်ထွန်းတို့ ရန်ကုန်မြို့သို့ထွက်ပြေးတိမ်းရှောင်လာစဉ် ရန်ကုန်တိုင်းဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ဒီဇင်ဘာအိမ်ယာဝန်း၌ တည်းခိုနေထိုင်စဉ် ရဲတပ်ဖွဲ့က ဖမ်းစီးမိခဲ့ခြင်းဖြစ်သည်။