Input your search keywords and press Enter.

ပလက်ဝမြို့နယ်တွင်း စစ်ဘေးရှောင်ပြည်သူများ တစ်လကျော်ကြာ အစားအသောက်ပြတ်လပ်နေပြီဟုဆို

ပလက်ဝမြို့နယ်စစ်ဘေးရှောင်ပြည်သူများ တစ်လကျော်ကြာ အစားအသောက်ပြတ်လပ်မှုရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများကယ်ဆယ်ရေး အတွင်းရေးမှုး ဦးကျော်အောင်ကပြောသည်။

ဦးကျော်အောင်က “ စစ်ဘေးရှောင်ဒုက္ခသည်တွေဆီမှာ အစားအသောက်ပြတ်လပ်တာ တစ်လကျော် နှစ်လနီးပါးဖြစ်နေပြီ။ ကျွန်တော်တို့ဆီစုဆောင်းထားတဲ့စားနပ်ရိက္ခာလည်း မရှိတော့ဘူးဆိုတော့ အတော်ဒုက္ခရောက်တယ်” ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ် ကတည်းကစတင်ပြီး အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား စစ်ပွဲဖြစ်ပွားမှု၊ နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုများကြောင့် တစ်ဖက်အိန္ဒိယနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူများရှိသလို ပလက်ဝမြို့နယ်အတွင်းဖြစ်သည့် ရှင်းလက်ဝ၊ မီးဇာ၊ ကင်းတလင်းနှင့် စဉ်ဘောင်ပျဉ်တို့တွင် တိမ်းရှောင်လျက်ရှိကြသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြေရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “ တောက်လျှောက်ထောက်ပံ့ ပေးပါတယ်။ မြို့နယ်ကတင်လာတဲ့ စာရင်းအတိုင်းထောက်ပံ့ပေးပါတယ်။ လွတ်သွားတာတော့မရှိလောက်ဘူး။ ကျေးရွာအုပ်စုကတင်ပြတဲ့အပေါ်မှာ ထွေအုပ်ကချက်ခြင်းချက်ခြင်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ချင်းပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေက ပုံမှန် ထောက်ပံ့တယ်။ အလှူရှင်တွေကလည်း လိုအပ်ရင်လိုအပ်သလို ထောက်ပံ့ပေးတာပေါ့။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့တော့မဖြစ်နိုင်သေးဘူး။ AA လှုပ်ရှားမှုရှိသလို နယ်မြေရှင်းလင်းရေးတွေလည်း လုပ်နေတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရ၏ ၂၀၁၅ စစ်ပွဲစဖြစ်သည့်အချိန်မှစပြီး ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၃၁ ဦးရှိကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့၏ UNHCR ကိုပေးပို့သည့် အစီအရင်ခံစာတွင် ပြည်တွင်း၊ အိန္ဒိယနိုင်ငံဖက် တွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၆၀၀၀ ၀န်းကျင်ရှိကြောင်း ဖော်ပြထားသည်။