Input your search keywords and press Enter.

မှုခင်းသတင်းထောက်များ၏ ဖော်ထုတ်သည့် မတရားမှုများကို အစိုးရအနေဖြင့် အလေးပေးခြင်းမရှိဟုဆို

မှုခင်းသတင်းထောက်အဖွဲ့မှ ဖော်ထုတ်တင်ပြသည့် မတရားကိစ္စရပ်များကို အစိုးရအနေဖြင့် အရေးတယူဆောင် ရွက်မှုမျိုးမရှိခြင်းကြောင်း ချင်းပြည်နယ် မှုခင်းသတင်းထောက်အဖွဲ့ ဥက္ကဌ ဒေါက်တာ ဟရန်ကီးလ်က ချင်းဝေါလ်သတင်း ဌာနကိုပြောသည်။

ဒေါက်တာဟရန်ကီးလ်က “လုပ်ငန်းပိုင်းဆိုင်ရာကို လုပ်နေတုန်းဖြစ်တယ်။ တောင်သူတွေအတွက် အမှန်တရားဖြစ်ဖို့အတွက် တတ်နိုင်သလောက်ကြိုး စားပေမယ့် အစိုးရအနေနဲ့ သိပ်ပြီးအရေးတယူ မလုပ်ပေးဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာမှာဆိုရင် မြေယာကိစ္စမတရားအသိမ်းခံရတာတွေကို ဖော်ထုတ်ပေမယ့် အစိုးရဖက်ကနေ ပြန်လိုက်နာပေးတာမျိုးမရှိဘူး။ ဗဟိုဖက်ကိုလည်း စာတွေပို့ပေးမယ့် ချင်းပြည်နယ်အတွက် အမှန်တရားအ တိုင်းဖြေရှင်းပေးနိုင်တာမရှိသေးဘူးလို့ပဲပြောချင်တယ်” ဟုပြောသည်။

သူကဆက်ပြီး “ ပြီးတော့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ က ချင်းပြည်နယ်ဟာ လာဘ်ပေးလာဘ်ယူ ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ပြောခဲ့ပေမယ့် သူတို့က တကယ်လည်းဖော်ထုတ်ဖို့မကြိုးစားဘူး” ဟုပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ချင်းပြည်နယ်အတွင်း ကော်မတီဖွဲ့စည်းမှုမရှိသေးကြောင်း ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းကပြောသည်။

ဦးအောင်သန်းက “ ချင်းပြည်နယ်မှာက ပြည်ထောင်စုအဆင့်ကနေလာဖွဲ့ပေးရမှာဖြစ်တယ်။ အခုထိ လာရောက်ဖွဲ့စည်းပေးတာ မျိုးမရှိသေးတဲ့အတွက် ကော်မတီရုံးတော့မရှိသေးဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း မှုခင်းသတင်းများနှင့်အမှန်တရားသတင်းများ စုံစမ်းရေးအဖွဲ့မှ မှုချင်းသတင်းထောက်များအတွက် သင်တန်းများပေးလျက်ရှိသည်။

ဟားခါးမြို့သို့သင်တန်းပေးရန် ရောက်ရှိနေသည့် ရန်ကုန်အခြေစိုက် မှုခင်းသတင်းများနှင့် အမှန်တရားသတင်းများ စုံစမ်းရေးအဖွဲ့မှ အတွင်းရေးမှုး ဦးသက်နိုင်က “ ဗဟိုကနေတော့ ပထမဆုံးအကြိမ် ချင်းပြည်နယ်ကို သတင်းလာပေးတာဖြစ်တယ်။ အဓိကတော့ ဖေ့ဘုတ်သုံးနည်း၊ သတင်းရေးသားနည်း၊ မှုခင်းသတင်းထောက်တွေရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အဓိကပေးတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ် မှုခင်းသတင်းထောက်အဖွဲ့ တွဲဖက်အတွင်းရေးမှုး ဦးဒေါ့ကျုံက “ ကျွန်တော်တို့အနေနဲ့ အစိုးရ ၀န်ထမ်းတွေ ရဲ့မမှန်မကန်လုပ်ငန်းလုပ်ကိုင်မှုတွေကို ဖော်ထုတ်ဖို့ဖြစ်တယ်။ အလုပ်အကိုင်လျှောက်ထားချိန်မှာ ငွေကြေးအမြောက် အမြားတောင်း တာတွေ၊ မြေယာကိစ္စတွေမှာ မြေစာရင်းက စိတ်ကြိုက်လုပ်တာတွေကို ထုတ်ဖော်နိုင်ဖို့ကြိုးစားတာဖြစ်တယ်။ အခုချိန်ထိတော့ အဲလောက်ထိမလုပ်နိုင်သေးဘူး။ တစ်ခြားနေရာမှာတော့ အတော်အလုပ်ဖြစ်ကောင်းဖြစ်မယ်။ ဟားခါးဖက်မှာ ဆိုရင်တော့ သိပ်မ လုပ်နိုင်သေးဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း မြို့နယ်၊ မြို့ပေါင်း ၁၅ ခုအတွင်း မှုခင်းသတင်းထောက်အင်အား ၆၀၀ ၀န်းကျင်ရှိသည် ဟုသိရသည်။