Input your search keywords and press Enter.

ပိုးလမ်းမစီမံကိန်း ချင်းပြည်နယ်မှ ဖြတ်နိုင်ချေရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အကူအညီပေးသွားမည်ဟု တရုတ်သံအမတ်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ပြောကြား

Salai Benezer

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Hong Liang ၏ ချင်းပြည်နယ်ခရီးစဉ်တွင် တရုတ်၏ ပိုးလမ်းမ စီမံကိန်း ချင်းပြည်နယ်မှ ဖြတ်နိုင်ချေရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် အကူအညီပေးသွားမယ်ဟု ပြောသွားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

“သူတို့လာတဲ့အချိန်မှာ လမ်းမကောင်းတာတွေတွေ့လာတော့ လမ်းတွေကအများကြီးပြင်ရဦးမယ် လမ်းပန်းဆက်သွယ်ရေးကလိုသေးတယ်ဆိုပြီးပြောတယ်၊ ကျွန်တော်တို့ကလည်း မှန်တယ် လက်ရှိအရေးကြီးဆုံးတည်ဆောက်နေတာက လမ်းပန်းဘက်ကို အရေးတကြီးဆောင်ရွက်နေတယ်လို့ ပြန်ပြောတယ်၊ ပြီးတော့သူတို့ဆောင်ရွက်နေတဲ့ ပိုးလမ်းမကြီးက ချင်းတောင်ကိုဖြတ်မယ်လို့ ယူဆတာကြောင့် ချင်းတောင်ရဲ့ လမ်းတွေကို ကောင်းအောင်လုပ်ဖို့လိုတယ်၊ သူတို့လည်း တတ်နိုင်သလောက်ကူမယ်လို့ ပြောပါတယ်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang သည် ချင်းပြည်နယ်သို့ အောက်၁၁ရက်နေ့က လာရောက်လည်ပတ်ခဲ့ပြီး ချင်းပြည်နယ်အစိုးရနဲ့တွေ့ဆုံစဉ် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားလိုအပ်ချက်များ အကူအညီပေးနိုင်ရန် နှစ်ဘက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးစိုးထက်မှ ဆက်ပြီး “အဓိကသူလာတာကတော့ တရုတ်သံအမတ်အနေနဲ့ တိုင်းနှင့်ပြည်နယ် အကုန်လုံးကို ရောက်ဖူးချင်တယ်၊ ချင်းပြည်နယ်ကို မရောက်ဖူးသေးတာကြောင့် လာရောက်လည်ပတ်တာလို့ ပြောတယ်၊ ကျွန်တော်တို့ချင်းပြည်နယ်အတွက် ကျောင်းဆောင်တစ်ဆောင် လှူပေးမယ်လို့ပြောကတိပေးသွားတယ်၊ ဘယ်မှာလှူမှာလည်း ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

တရုတ်သံအမတ်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ထန်တလန်နှင့် တီးတိန်မြို့များသို့လည်း သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဟားခါးမြို့သို့သာ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၁၂ရက်နေ့က ရန်ကုန်သို့ ကလေးလေဆိပ်မှတစ်ဆင့် လေယာဉ်ဖြင့် ပြန်လှည့်သွားကြောင်း သိရသည်။