Input your search keywords and press Enter.

မြေသိမ်းမှုနှင့်ပတ်သက်သည့် အစီရင်ခံစာ ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ရန်စာပို့မှု လက်ခံမရရှိဟု ချင်းအစိုးရအဖွဲ့ဆို

လွှတ်တော်ပြင်ပ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ချင်းပြည်နယ်အစိုးရမှ မြေသိမ်းသည့်ကိစ္စ ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ရန်စာပို့သည့်စာ လက်ခံရရှိခြင်းမ ရှိကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ထံမှသိရသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်မှ “ကော်မရှင်ဘက်ကနေ စာပို့တဲ့ကိစ္စတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ လုပ်ငန်းတွေအားလုံးကိုတော့ လာစစ်ဆေးတဲ့ချိန်မှာ အဆင့်သင့်အစစ်ဆေးခံလို့ရအောင် ကျွန်တော်တို့လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ဟားခါးမြို့မှ လူ (၆၀) ၏ဧက တစ်ထောင်ကျော်၊ ကန်ပက်လက်မှ လူ (၂၀) ၏ဧက (၃၀၀) ကျော် အသိမ်းခံရသည့်ကိစ္စကို ကော်မရှင်အနေဖြင့် အစီရင်ခံစာများ ဆက်လက်ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်များကို ရက်ပေါင်း (၆၀) အတွင်း အကြောင်းပြန်ပေးရန် အဂတိတိုက်ဖျက်ရေးရေးကော်မရှင်မှ အကြောင်း ကြားစာပို့ပေးထားကြောင်း လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှုး ဦးကြည်လွင်ကပြောသည်။

ဦးကြည်လွင်က ‘အစိုးရအဖွဲ့နဲ့တော့ မတွေ့ဆုံခဲ့ဘူး။ မတွေ့ဆုံရတဲ့ အကြောင်းအရင်းက အဂတိတိုက်ဖျက်မှုကော်မတီက ပေးပို့ထားတဲ့ စာတွေပေါ်မှာ ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် မတွေ့ခဲ့တာပါ၊ ပြည်သူလူထုလက်ထဲတောင်မှ စာတွေရောက်လာတာဆိုရင် အစိုးရအဖွဲ့ဆီကို စာမရောက်ပါဘူးလို့ ငြင်းဆိုတာသည် ရှောင်တခင်ကွယ်ဝှက်လိုက်တဲ့သဘော သက်ရောက်ပါတယ်၊ ချင်းပြည်နယ်မှာနေတဲ့ ချင်းတိုင်းရင်းသားပြည်သူတွေဟာ ဟိုဘက်တစ်အိမ် ဒီဘက်တောင်တစ်အိမ် တောင်ယာထဲမှာတစ်အိမ်။ ဒီလိုနေတဲ့သူရဲ့လက်ထဲတောင် ဒီစာရောက်တယ်ဆိုရင် ချင်းပြည်နယ်အစိုးရအဖွဲ့လက်ထဲကို အဲဒီစာမရောက်ပါဘူးလို့ ပြောတာသည် ဒါကသာမန်ရိုးသားမှု လုံးဝမရှိဘူးဆိုတာကို ခံယူတဲ့အတွက် ကျွန်တော်တို့ သွားမတွေ့ခြင်းဖြစ်ပါတယ်။ ပြည်သူလက်ထဲတောင်ရောက်ရင် အစိုးရအဖွဲ့ထဲကို ရောက်ကိုရောက်ရမယ်’ ဟုပြောသည်။

လွှတ်တော်ပြင်ပ အဂတိတိုက်ဖျက်ရေးကော်မရှင်ဦးကြည်လွင်က အစိုးရကို စီမံကိန်းများလုပ်ဆောင်ရန် တားမြစ်ခြင်းမဟုတ်ကြောင်း၊ အစိုးရအနေဖြင့် မိမိဒေသ၊ တိုင်းပြည်ဖွံ့ဖြိုးရေးဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ သို့သော်ချင်းပြည်နယ်ရှိ စီမံကိန်းနယ်မြေများမှာ ဒေသခံများ၏ ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် မြေသိမ်းဥပဒေ ၁၈၉၄ ပုဒ်မ (၄) (က) အရသိမ်းရမည်ဖြစ်ကြောင်း၊ လျှော်ကြေးပေးခြင်း၊ နစ်နာကြေးပေးခြင်း၊ မြေအစားထိုးပေးခြင်း များကိုဆောင်ရွက်ရမည်ဖြစ်သော်လည်း ပြည်သူကို အရင်ချပြခြင်းမျိုးမရှိပဲ ယခုကဲ့သို့ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မှုသည် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်မညီကြောင်းပြောသည်။