Input your search keywords and press Enter.

ဟားခါး (GTI ) မြေပြသနာ လာမည့်သောကြာနေ့တွင် ဆုံးဖြတ်ချက် ချမည်

ဟားခါးမြို့စက်မှုလက်မှုသိပ္ပံကျောင်း ( GTI ) ကျောင်းဝင်းအတွင်း တရားလွှတ်တော်ရုံး တည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိနေခဲ့ပြီးအပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် သောကြာနေ့တွင် ပြည်နယ်အစိုးရအစည်း အဝေးတွင် ဆုံးဖြတ်တော့မည်ဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ လာမယ့်သောကြာနေ့မှာ အဖြေတစ်ခု ထုတ်မှာဖြစ်ပါတယ်။ ကျောင်းသားတွေဖက်က လည်း မြေနေရာကို အစိုးရက သိမ်းတယ်လို့ ထင်ကြတယ်။ ကန့်ကွက်ကြတယ်။ အစိုးရအဖွဲ့အစည်းဖက်ကတော့ မြေနေရာအတွက် ဆုံးဖြတ်ချက်တွေမချရသေးဘူး။ညှိနှိုင်းတဲ့ကာလပဲဖြစ်ပါသေးတယ်။ ရုံးချုပ်ဖက်က ညွှန်ချုပ်တွေလာပြီး အသေးစိတ်လာကြည့်မယ်။ မြေနေရာအကျယ်အ၀န်းကအစပေါ့။ အဓိကသူတို့ရဲ့ ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်သွားမယ်” ဟုပြောသည်။

ယနေ့ တွင်လည်း အဆိုပါမြေနေရာအတွက် ကျောင်းသား (၆)ဦး၊ ဆရာ/ဆရာများ နှင့် အစိုးရဘက်မှ တရားလွှတ်တော်ချုပ်၊ ဥပဒေချုပ် အပါအ၀င် တရားသူကြီးသုံးဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့်လွှတ်တော် ဥက္ကဌ တို့ တွေ့ ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ဟာခါး GTI ကျောင်းသားခေါင်းဆောင် ဆလိုင်း မာန်ဟရဲလျန်က “သူတို့ ပြောတာတော့ မနက်ဖြန်ကျောင်းကို ရုံးချုပ်ဘက်ကကော၊ ပြည်နယ်ပညာရေး ညွှန်ချုပ်တွေလာပြီး ကွင်းဆင်းမယ်။ ပြီးတော့ သူတို့ ဆုံးဖြတ်ပေးမယ်ထင်တယ်။ ပြီးတော့ လာမယ့်သောကြာနေ့ မှာ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစည်းဝေးလုပ်ပြီးဆုံးဖြတ်ချက်ချမယ်လို့ ကျွန်တော်တို့ကိုပြောတယ်။ သူတို့  ဆုံးဖြတ်တဲ့ အတိုင်းဘဲ ကျွန်တော်တို့ ကလည်းလက်ခံဖို့  ပြင်ဆင်ထားပါတယ်။ ဘာလို့ လည်းဆိုတော့ ပြသနာကရှုတ်ထွေးလာလွန်းလို့ ပါ”ဟုပြောသည်။

ဟားခါး(GTI)ကျောင်းမြေနေရာတွင် ချင်းပြည်နယ် တရား လွှတ်တော်ရုံး တည်ဆောက်မည့် အပေါ် ဟားခါး(GTI) ကျောင်းသားများ မှကန့်ကွက်ကြောင်း နှစ်ကြိမ် သဘောထား ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ကျောင်းပေါင်းစုံမှ ကျောင်းသားအဖွဲ့အစည်းများမှလည်း ဟားခါး GTI ကျောင်းဖက်မှ ရပ်တည်ပြီး ကျောင်းဝင်းအတွင်း အစိုးရအဖွဲ့မှ တရားလွှတ်တော် ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်စာများထုတ်ပြန်ခဲ့ကြသည်။