Input your search keywords and press Enter.

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် အစိုးရ ကြွေးကြော်ခဲ့သည့် တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင် ချိုးဖောက်ခြင်းဖြစ်ဟု ချင်းမီဒီယာကွန်ယက် ထုတ်ပြန်

သဘောထားထုတ်ပြန်ချက်တွင် ရာဇ၀တ်မှုဖြစ်သည့် လူသတ်မှုကို သတင်းသမားများအနေဖြင့် တာဝန်ကျေပွန်စွာ ဖော်ထုတ်နိုင်မှုကို အစိုးရမှ နိုင်ငံတော် လျှို့ဝှက်ချက်အပ်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည်အများပြည်သူ သတင်းအမှန်သိရှိခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုချိုးဖောက်ရာဖြစ်သကဲ့သို့ အစိုးရအနေဖြင့် အမှန်တရား ကိုဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ချင်းမီဒီယာကွန်ယက်မှ ယူဆကြောင်း ပါရှိသည်။

ချင်းမီဒီယာဒါရိုက်တာ ဆလိုင်းရောဘတ်က “ သတင်းသမားအနေနဲ့ သူ့ရဲ့တာဝန်ဖြစ်တဲ့ဟာကို ရေးသားဖော်ထုတ်တာဖြစ်တယ်။ ဒါကို အစိုးရက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချတယ်ဆိုတာက သတင်းသမားလွှတ်လပ်ခွင့်၊ သတင်းသိရှိခွင့်တွေကို ချိုးဖောက်ရကျတယ်။ ပြီးတော့ အခုဟာက ငါတို့မကြိုက်တာကို လုပ်ရင် နင်တို့ဒီလိုဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ ခြိမ်းခြောက်မှု တစ်ခုလို့မြင်တဲ့အတွက် ကျွန်တော်တို့ကတော့ ကန့်ကွက်ပါတယ်။ ရှုံ့ချပါတယ်။ ဒါကို အမှုကိုလည်း ပြန်လည်သုံးသပ်ပြီး ပြန်လွှတ်စေချင်တာဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် လက်ရှိအစိုးရနှင့် တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့် ရာဇ၀တ်မှုကို ဖော်ထုတ်ရေးသားသည့် သတင်းသမားများကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုမှုမှာ သင့်လျော်မှုမရှိခြင်းကြောင်ပြန်လည်သုံးသပ်ရန် လည်းတောင်းဆိုထားသည်။

သတင်းထောက် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ၂ ဦးကို ထောင်ဒဏ် ၇ နှစ်ချ မှတ်လိုက်ပြီဖြစ်ရာ သတင်းမီဒီယာ သမားများအားလုံး ညီညီညွတ်ညွတ်ဖြင့် ပြန်လည်တုံ့ပြန် နိုင်ရန် အထူးအစည်းအဝေး တစ်ရပ်ကိုလည်း ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ချင်းမီဒီယာကွန်ယက်သည် အစိုးရထံမှတ်ပုံတင်ရထားပြီး ပုံမှန်သတင်းထုတ်လုပ်မှုဆောင်ရွက်နေသည့် ချင်းသတင်းဌာန (၁၂) ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Photo; ဧရာဝတီ