Input your search keywords and press Enter.

ချင်းပြည်နယ် ပိုင်နက်မြေအတွင်းရှိ ကလေးတက္ကသိုလ် မြေနေရာ တိုင်းတာမှု အပေါ် ပူးတွဲ သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ရန်ပြင်ဆင်

Salai Benezer

ချင်းပြည်နယ် ပိုင်နက်မြေအတွင်းရှိ ကလေးတက္ကသိုလ် မြေနေရာ တိုင်းတာမှု အပေါ် ပူးတွဲ သဘောထား ထုတ်ပြန်ချက်ထုတ်ပြန်ရန် ချင်းအရပ်ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့မှ ပြင်ဆင်နေကြောင်း သိရသည်။

“အခုက တရားဝင်ထုတ်ပြန်တဲ့အဆင့်မဟုတ်သေးပါဘူး၊ မူကြမ်းအဆင့်ဘဲရှိပါသေးတယ်၊တရားဝင်ထုတ်နိုင်အောင် အရပ်ဘက်အဖွဲ့အစည်းတွေဆီ မူကြမ်းထုတ်ထားတာကို ပို့ပေးနေတာပါ၊ အခုချိန်ထိတော့ အဖွဲ့၂၇ဖွဲ့က သဘောတူထားပါတယ်၊ မြေတိုင်းတာမှုအပေါ်မှာ ကျွန်တော့်ရဲ့အမြင်က ဒါကလေးတက္ကသိုလ်ရဲ့ ကိစ္စမဟုတ်ဘူး တီးတိန်ရဲ့ ဖိုးဘွား အစဉ်အလပိုင်တဲ့မြေ၊ ပထမတော့ ၁၉၉၃ န၀တ စစ်အဆိုးရရဲ့ ပညာရေးဝန်ကြီးကနေဖွင့်လိုက်တာ ခုထက်ထိ ပုံစံ ၁၀၅/၁၀၆ဘဲရှိတာ ၊ အဲဒါကို ခုတရားဝင်ဖြစ်သွားအောင် ဂရမ်လိုချင်လို့ ကလေးတက္ကသိုလ်ကနေ တီးတိန်မြို့နယ်က တာဝန်ရှိတဲ့သူတွေက ပြီးခဲ့တဲ့ ဇူလိုင်လက အကူညီတောင်းခဲ့တယ်၊ အဲဒါက လုပ်ထုံးလုပ်နည်းမကျဘူး ဒါကတက္ကသိုလ်ရဲ့ တာဝန်မဟုတ်ဘူး၊ ကလေးတက္ကသိုလ်မြေရဲ့ ဧကပေါင်း သုံးရာကျော်က ချင်းပြည်အပိုင်၊ သူတို့မှာ ဂရမ်လုပ်ခွင့်မရှိဘူး”ဟု သဘောထားထုတ်ပြန်ချက် မူကြမ်း ပြင်ဆင်နေမှုအပေါ် ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့၏ မြန်မာပြည်တာဝန်ခံ ကို Kim Tuang မှ ပြောသည်။

ကလေးတက္ကသိုလ်နယ်မြေ စုစုပေါင်း ၃၅၈ ဧကရှိသည့်အနက် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းအသုံးပြုရန် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သည့် ၃၀၈.၅၆ မှာ ကလေးတက္ကသိုလ်အတွက် မြေပိုင်ဆိုင်မှု အထောက်အ ထားမရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးရန် ကလေးတက္ကသိုလ်က ဇူလိုင်လ ၂၃ ရက်နေ့စွဲဖြင့် တီးတိန်မြို့နယ်သို့ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတိုင်းတာနေသည့် မြေများ ကလေးတက္ကသိုလ်ပိုင်မြေအဖြစ် ဂရမ်ရရှိလာပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ကို Kim Tuang မှ “လက်ရှိအခြေအနေအရကြည့်ရရင် ကလေးတက္ကသိုလ်ဆိုတာက စကိုင်းတိုင်းထဲမှာ ထည့်ထားတာ နာမည်ကိုက ကလေးတက္ကသိုလ်ဆိုတော့ ဂရမ်မြေပါ ကလေးတက္ကသိုလ်က ပိုင်လိုက်ရင် ချင်းပြည်နယ်ကပိုင်းထားတဲ့ ဧကပေါင်း သုံးရာကျော်က ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ရှိတယ်၊ ဒါက ကျောင်းသားအရေးမဟုတ်တော့ဘူး၊ ကလေးတက္ကသိုလ်က စီစဉ်တဲ့သူတွေရဲ့အမှားဖြစ်တာကို ထောက်ပြလိုတယ်၊ အဲဒါကို တီးတိန်မြို့နယ်က တာဝန်ရှိသူတွေက နားမလည်တာလားတော့မသိဘူး ဥပဒေအရဘဲဖြစ်ဖြစ် စည်းမျည်းစည်းကမ်းအရဘဲဖြစ်ဖြစ် ဘာမှလုပ်ဖို့အစီအစဉ်မရှိသေးဘူးဖြစ်နေတယ်၊ ဆိုးကျိုးတွေက တစ်ဖြည်းဖြည်းဖြစ်လာပြီ ချင်းပြည်နယ် နယ်နိမိက အခုဆိုရင် ကိုးမိုင်အထိရောက်နေပြီ”ဟု ဖြေကြားခဲ့သည်။

ကလေးတက္ကသိုလ်သည် ယခင်က ချင်းပြည်နယ် အတွက်ရည်ရွယ်တည်ဆောက်ခဲ့သည့်ခိုင်ကမ်းကောလိပ်ကို ကလေးတက္ကသိုလ်အဖြစ် ပြောင်းလဲခေါ်ဝေါပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိသည့် တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။